အင်္ဂလန်လက်ရွေးစင်အသင်းမှာ တိုက်စစ်မှူး အိုင်ဗန်တိုနေး ပွဲကစားခွင့်ရရှိပါက သူ့ရဲ့အသင်းဟောင်း ပီတာဘရော့အသင်းက ပေါင်တသိန်း ဆုကြေးရရှိမှာ ဖြစ်ပါတယ်။
အိုင်ဗန်တိုနေးဟာ ၂၀၁၉ ခုနှစ်က ပီတာဘရော့အသင်းကနေ ပေါင် ၆ သန်းနဲ့ ဘရန့်ဖို့ဒ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာပါ။
စာချုပ်ပါအချက်အလက်တွေအရ တိုနေးရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ဆုကြေးတွေ ထည့်သွင်းချုပ်ဆိုခဲ့တာပါ။
အဲဒီစာချုပ်ပါ အချက်အလက်တွေထဲမှာ အင်္ဂလန်အသင်းမှာ ပွဲကစားခွင့်ရတာနဲ့ ပေါင်တသန်း ဆုကြေးပေးရမယ့် သဘောတူညီချက်လည်း ပါဝင်ခဲ့တာပါ။
ပီတာဘရော့ဟာ အရင်နှစ်တွေကလည်း တိုနေးရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုတွေကြောင့် ပေါင် ၂ သန်းခွဲလောက် ဆုကြေးရရှိခဲ့ပြီးပါပြီ။
ဒါ့အပြင် တိုနေးအနေနဲ့ အသင်းပြောင်းရွှေ့ခဲ့မယ်ဆိုရင် အသင်းသစ်နဲ့အတူ လိဂ်ပွဲစဉ် ၅ ပွဲ ကစားရတိုင်း အနည်းငယ်သောဆုကြေးတခု ထပ်မံရရှိမယ်လို့ သိရပါတယ်။
အင်္ဂလန်အသင်းဟာ အီတလီ၊ ယူကရိန်းအသင်းတွေနဲ့ ယူရိုခြေစစ်ပွဲ ကစားရမှာဖြစ်ပြီး တိုနေးအနေနဲ့ အနည်းဆုံး ပွဲစဉ်တပွဲမှာ ပါဝင်ကစားခွင့်ရဖို့ ရှိပါတယ်။
ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါဝင်ဖို့ ထိုက်တန်ကြောင်း နည်းပြဆောက်ဂိတ်ကချီးကျူးပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ လာမယ့်ယူရိုခြေစစ်ပွဲစဉ်တွေအတွက် ကစားသမား ၂၅ ဦး စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ လက်ရွေးစင်အတွက် တစ်ပွဲမှ မကစားဖူး သေးတဲ့ ဘရန်ဖို့ဒ်တိုက်စစ်မှူး တိုနေးကို ရွေးချယ်ခဲ့တာပါ။
တိုးနေဟာ လောင်းကစားစည်းမျဉ်းတွေ ချိုးဖောက်မှုကြောင့် အရေးယူခံထားရပေမဲ့ တရားရုံးမှာ ကြားနာစစ်ဆေးမှု မလုပ်ရသေးသလို မိခင်ကလပ်အသင်း ဘရန့်ဖို့ဒ်အသင်းက တောင်အသုံးပြုနေဆဲဖြစ်လို့ လက်ရွေးစင်မှာရွေး ချယ်ခဲ့တာလို့ ဆောက်ဂိတ်က ပြောပါတယ်။
ဒါ့အပြင် တိုနေးဟာ တစ်ရာသီလုံးမှာ ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းနိုင်ခဲ့ပြီး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးဖြစ်လို့ သူ့ရဲ့အခွင့်အရေးဟာ အင်္ဂလန်အသင်းမှာ ပါဝင်ဖို့ ထိုက်တန်တယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
အင်္ဂလန်အသင်းလူစာရင်းမှာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားလူစာရင်းကနေ ၅ ဦးပဲ အပြောင်းအလဲရှိခဲ့ပြီး အာနိုးလ်၊ ဘန်ဝိူက်၊ ကိုအာဒီ၊ ဝီလ်ဆင်နဲ့ ဒဏ်ရာရှိနေတဲ့ စတာလင်တို့ ပါဝင်ခြင်းမရှိပါဘူး။