close

အငြိမ်းစားလစာခံစားခွင့်

close

February 8, 2023

ပြင်သစ်တွင် အငြိမ်းစားလစာခံစားခွင့် ပြုပြင်ပြောင်းလဲရေး ပြန်ရုပ်သိမ်းရန် လူထောင်ချီ ဆန္ဒပြ

ပြင်သစ်နိုင်ငံမြို့တော် ပါရီမှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေ ဖေဖော်ဝါရီ ၇ ရက်က လမ်းတွေပေါ် ထွက်လာပြီး အစိုးရရဲ့ အငြိမ်းစားလစာခံစားခွင့် ပြုပြင်ပြောင်းလဲရေးကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပြင်သစ်လုပ်သားတွေ အငြိမ်းစားယူနိုင်မယ့် သက်တမ်းကို တိုးမြှင့်ထားတဲ့ ပြုပြင်ပြောင်းလဲရေးကို လွှတ်တော်မှာ စဆွေးနွေးအပြီး ကဏ္ဍပေါင်းစုံက လုပ်သားတွေ အင်္ဂါနေ့က စုပြီး ရုတ်တရက် သပိတ်မှောက်ခဲ့ကြပါတယ်။

ဒါဟာ အမျိုးသားညီလာခံမှာ လူများစုမပါဘဲ အပြောင်းအလဲလုပ်ဖို့ သမ္မတ အီမန်နျူရယ် မက်ခရွန်ရဲ့ စွမ်းရည်ကို စမ်းသပ်ချက် ဖြစ်လာပါတယ်။

မြို့တော်ပါရီရဲ့ နာမည်ကျော် အော်ပရာပြဇာတ်ရုံရှေ့မှာ ထောင်သောင်းချီနေတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ သူတို့ကို ထောက်ခံသူတွေ စုရုံးခဲ့ကြပြီး မြို့လယ်တလွှားမှာ ချီတက်ရင်း ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ပြင်သစ်မှာ အရက်ရောဆုံး အငြိမ်းစား ခံစားခွင့်ကို ဆက်ထားဖို့နဲ့ ဘတ်ဂျက် ဘဏ္ဍာငွေကို ထိန်းထားနိုင်ဖို့ ပြည်သူတွေ နဂိုထက် ၂ နှစ်ပိုပြီး အသက် ၆၄ နှစ်အထိ အလုပ်လုပ်ကြဖို့ အစိုးရက ပြောခဲ့တာပါ။

ပြင်သစ်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကြီး (OECD) ရဲ့ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ အငြိမ်းစားယူရေးနဲ့ပတ်သက်ပြီး နှစ်အများဆုံး သတ်မှတ်ထားတဲ့နိုင်ငံပါ။

အလွန်မြတ်နိုး တန်ဖိုးထားတဲ့ ခံစားခွင့် အကျိုးကျေးဇူးဖြစ်လို့ လူများစုက စွန့်လွှတ်ဖို့ တွန့်ဆုတ်နေတယ်လို့ ထင်မြင်ချက် စစ်တမ်းတွေက ပြထားပါတယ်။

ဆန္ဒပြပွဲတွေမှာ အရင်အပတ်ကထက် လူနည်းလာနေတယ်လို့ သတင်းအချက်အလက်တွေက ပြထားပါတယ်။ အစိုးရကတော့ လူထုအတိုက်အခံပြုမှု ဘယ်လောက်အားကောင်းကောင်း ဆက်ရှိနေလဲဆိုတာ ခန့်မှန်းဖို့ လမ်းပေါ်ဆန္ဒပြပွဲတွေကို စောင့်ကြည့်နေလိမ့်ဦးမယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် ဖော်ပြပါတယ်။

6 mins Ago
Up