ထိုင်းနိုင်ငံမှာ အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ စစ်မှန်သောဒီမိုကရေစီရရှိရေးအတွက် လူစုလူဝေး ဦးဆောင်ဆန္ဒပြလို့ အဖမ်းခံထားရတဲ့ ထိုင်းကျောင်းသူ ၂ ဦးဟာ အစာနဲ့ရေ အငတ်ခံဆန္ဒပြနေတာ ရက်ပေါင်း ၂၀ ရှိသွားပြီဖြစ်ပြီး ကျန်းမာရေးအတွက် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဒါကြောင့် သူတို့နှစ်ဦးကို အကျဉ်းထောင်အစောင့်အကြပ်ကြားကနေ ယာယီကင်းလွတ်ခွင့်ပြုဖို့ ထမဆတ်ဆေးရုံအုပ်ကြီးက ဘန်ကောက်တောင်ပိုင်းရာဇဝတ်တရားရုံးကို လျှောက်ထားခဲ့ပြီး တရားသူကြီးကလည်း လျော်ညီတဲ့ ဥပဒေနဲ့ အပြင်မှာ ၁ လ ယာယီနေထိုင်ဖို့ ဖေဖော်ဝါရီ ၆ ရက်က ခွင့်ပြုလိုက်ပါတယ်။
အသက် ၂၁ နှစ်ရွယ်ရှိ တဝမ်း ထန်းတဝမ်းနဲ့ ဘဲန်း အောလ်ဝမ်း ဆိုသူ တက္ကသိုလ်ကျောင်းသူ ၂ ဦးဟာ စီတန်းဆန္ဒပြမှုမှာ ဦးဆောင်မှု၊ ဘုရင်စနစ်ဝေဖန်မှုတွေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလက အဖမ်းခံထားခဲ့ရတာပါ။
သူတို့နှစ်ဦးဟာ တောင်းဆိုဆန္ဒပြမှုအရှိန်မြှင့်တဲ့အနေနဲ့ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းကစ အစာနဲ့ ရေ အငတ်ခံခဲ့ကြရာမှာ ကျန်းမာရေးဆုတ်ယုတ်ပြီး အကျဉ်းထောင်ဆေးရုံတက်ခဲ့ရပါတယ်။
ဇန်နဝါရီ ၂၄ ရက်မှာ အကျဉ်းထောင်ဆေးရုံကနေ ထမဆတ်ဆေးရုံကိုလွှဲပြောင်းခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်မှာတော့ သူတို့နှစ်ဦးရဲ့ သွေးထဲက ketones ပမာဏတိုးလာတာ၊ ကျောက်ကပ်သန့်စင်တဲ့ Filtration efficiency လျော့နည်းလာကြောင်း၊ ဒါဟာ အသက်အန္တရာယ်အတွက် စိုးရိမ်ရပြီး၊ အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ စောင့်ကြပ်မှုအောက်မှာ စိတ်ကျဉ်းကျပ်နေရတာလည်း လူနာအတွက် အဆင်မပြေကြောင်း၊ သူတို့နှစ်ဦးဟာ တရားရုံးမှစီရင်ချက်မချမချင်း အပြစ်ရှိသူ မဟုတ်သေးလို့ ပြင်ပကနေ ဆေးကုသခံယူဖို့ တောင်းဆိုကြောင်း၊ ကင်းလွတ်ခွင့်ကာလ ထွက်ပြေးတိမ်းရှောင်မှုမရှိအောင်လည်း ဆေးရုံက တာဝန်ယူကြောင်း ထမဆတ်ဆေးရုံကြီးက တရားရုံးကို လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ အာဏာရှင် ဝင်ရောက်စွက်ဖက်မှု ကင်းစင်တဲ့ တရားစီရင်ရေးစနစ် ပြောင်းလဲရေး၊ နိုင်ငံသားအခွင့်အရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေကို ဖမ်းဆီးအပြစ်ပေးမှု ရပ်တန့်ရေး၊ နိုင်ငံရေး အမြင်မတူသူတွေကို နှိပ်ကွပ်တဲ့ ပုဒ်မ ၁၁၂ နဲ့ ၁၁၆ ကို နိုင်ငံရေးပါတီ အားလုံးဝိုင်းဝန်းကန့်ကွက်ဖို့ စတဲ့ တောင်းဆိုချက် ၃ ချက်နဲ့ အစာရေစာအငတ်ခံ ဆန္ဒပြနေတာ ဖြစ်ပါတယ်။
ကိုးကား - sanook.com/thairath.co.th
ထိုင်းနိုင်ငံမှာ အာဏာရှင်ဆန့်ကျင်ရေးနဲ့ တရားမျှတမှုအတွက် အကျဉ်းထောင်ထဲကနေ အစာငတ်ခံ ဆန္ဒပြနေတဲ့ မိန်းကလေး ၂ ဦးဟာ ကျန်းမာရေး ဆုတ်ယုတ်နေတယ်လို့ The Voice TV သတင်းမှာ ဖော်ပြပါတယ်။
တဝမ်း ထန်းတဝမ်းနဲ့ ဘဲမ်း အောရဝမ်းဆိုသူ မိန်းကလေးနှစ်ဦးဟာ ဆန္ဒပြဦးဆောင်မှုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်မှာ အဖမ်းခံရပြီး ၁၉ ရက်နေ့ကစ အစာနဲ့ရေပါ အငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ နှစ်ပတ်ကျော် အစာငတ်ခံ ဆန္ဒပြမှုကြောင့် ကျန်းမာရေးဆုတ်ယုတ်လာလို့ အကျဉ်းထောင်ဆေးရုံကနေ ထမဆတ်ဆေးရုံကြီးကို လွှဲပြောင်းကုသပေးနေရတာပါ။
အုပ်ထိန်းသူမိဘနဲ့ ဆန္ဒပြအဖွဲ့တွေရဲ့ တောင်းဆိုမှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ရေပြန်သောက်လာပေမဲ့ ကျန်းမာရေးဆုတ်ယုတ်နေတယ်လို့ ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများအသင်းက မနေ့ည ၇ နာရီမှာ ထုတ်ပြန်ပါတယ်။
ရှေ့နေအသင်းကိုယ်စားလှယ်က သူတို့နှစ်ဦးကို မနေ့ညနေပိုင်းက ထမဆတ်ဆေးရုံမှာ သွားရောက်အားပေး ကြည့်ရှုခဲ့ပြီး အခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဘဲမ်းရဲ့အခြေအနေမှာ ကြွက်သားတွေတောင့်တင်းပြီး အားပျော့နေကြောင်း၊ ခန္ဓာကိုယ် နုံးခွေနေပြီး လျှာနဲ့ပါးစပ် ပူစပ်ပူလောင်ဖြစ်ကာ ဗိုက်ထဲမှာ ခနခန လေတွေထိုးနေတယ်လို့ ဆိုပါတယ်။ ရေသောက်ပေမဲ့ မသက်သာကြောင်း၊ ဆရာဝန်က ဆေးစစ်ထားပြီး အဖြေမသိရသေးဘူးလို့ ဆိုပါတယ်။
တဝမ်းရဲ့ အခြေအနေမှာ သွေးပေါင်ချိန်ကျပြီး သကြားဓာတ်လျော့နည်းနေတာ ၃ ရက်ရှိပြီ ဖြစ်ကြောင်း၊ သွားကြားထဲက သွေးတွေယိုစိမ့်နေပြီး အိပ်မပျော်တာ၊ ဗိုက်နာတာ၊ လှုပ်ရှားလိုက်တိုင်း ရင်ဘတ်နာတာ၊ မျက်လုံးတွေဝေဝါးပြီး အရာဝတ္ထုတွေကို မီးခိုးရောင်အဖြစ် မြင်ရခြင်း စတဲ့လက္ခဏာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦး ကျန်းမာရေးအခြေအနေ ဆုတ်ယုတ်ပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်ဆဲဖြစ်ကြောင်း၊ တုံ့ပြန်စကားပြောဆိုနိုင်ပြီး တခြားနိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီလား၊ အပြင်ကလူတွေ ဆက်လက်တိုက်ပွဲဝင်နေမယ်လို့ ယုံကြည်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦး ခုလိုဆန္ဒပြနေတာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ အဖွဲ့အစည်း ၈ ခုကလည်း မနေ့က ဒီမိုကရေစီဖောင်ဒေးရှင်းတခုမှာ ဆွေးနွေးပွဲ စကားဝိုင်းကျင်းပပြီး ဗဟိုတရားရုံးကို ချီတက်လမ်းလျှောက်လာကာ မိန်းကလေး ၂ ဦးဘက်က ရပ်တည်ကြောင်းနဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အပါအဝင် သူတို့တောင်းဆိုချက် ၃ ရပ်ကို လိုက်လျောဖို့ တောင်းဆိုခဲ့ပါတယ်။
အလားတူ တက္ကသိုလ်ပေါင်း ၈ ခုမှ ကျောင်းသားများအဖွဲ့အစည်း ၁၁ ဖွဲ့ကလည်း ရာ့ချ်ဒါးဖိဆစ် တရားရုံးရှေ့မှာ လာရောက်စုရုံးကာ ၁၁၂ မိနစ် (၂ နာရီခန့်) ကြာ မတ်တပ်ရပ် ဆန္ဒပြပြီး နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေး စတဲ့ အချက် ၄ ချက်ပါ တောင်းဆိုစာကို တရားသူကြီးထံ လိပ်မူ ပေးအပ်ခဲ့ပါတယ်။
တဝမ်း ထန်းတဝမ်းနဲ့ ဘဲမ်း အောရဝမ်းတို့ နှစ်ဦးဟာ လူ့အခွင့်အရေးကို အခြေခံတဲ့ တရားစီရင်ရေး၊ အာဏာရှင်တွေ ဝင်မစွက်တဲ့ လွတ်လပ်သည့် ပြည်သူ့တရားစီရင်ရေးအဖြစ် ပြောင်းလဲရေး၊ နိုင်ငံသားအခွင့်အရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို စုဝေးနေတဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်ကွပ် တရားစွဲမှု ရပ်တံ့ရေး၊ နိုင်ငံရေးပါတီတိုင်း ပုဒ်မ ၁၁၂ နဲ့ ၁၁၆ ရုပ်သိမ်းရေးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။