close

အစာရေစာ ပြတ်လပ်

close

August 30, 2021

မန္တလေး ရေတံခွန်တောင်ပေါ်ရှိ မျောက်များ အစာရေစာရှားပါးပြတ်လပ်နေ

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ပေါ်ရှိ မျောက်တွေ အစာရေစာ ရှားပါးပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မျောက်တွေ အစာရေစာ ရှားပါးပြတ်လပ်လာတာက ကိုဗစ်ပထမလှိုင်းစတင်ချိန်က စတင်ခဲ့တာ ဖြစ်ပြီး  အခု ကိုဗစ်တတိယလှိုင်းကာလမှာတော့ ရှားပါးပြတ်လပ်တဲ့ထိ ဖြစ်နေတာပါ။ 

“ကိုဗစ်ပထမလှိုင်းတုန်းက အခါကြီးရက်ကြီးနဲ့ စနေ၊ တနင်္ဂနွေ လာကျွေးကြတာများတယ်၊ ကြားရက်ကတော့ နည်းပါတယ်၊ ဒုတိယလှိုင်းကတော့ ပထမထက်နည်းလာတယ်၊ အခု တတိယလှိုင်းမှာတော့ အစားလာကျွေးသူ လာသူ မရှိသလောက်ကို ဖြစ်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေတံခွန်တောင်မှာ မျောက်တွေ စတင်ရောက်ရှိလာချိန်က တောင်ခြေဘုန်းကြီးကျောင်းမှာ ကျွေးမွေးခဲ့ပေမဲ့ အကောင်ရေ များပြားလာချိန် ဘုရားဖူးလာသူ အလည်ပတ်လာသူတွေရဲ့ အစာကျွေးမှုအပေါ် အဓိက မှီခိုလာရတာပါ။ 

ရေတံခွန်တောင် မျောက်တွေဟာ ကိုဗစ်ကာလ တစ်နှစ်ခွဲကျော်အကြာ အစာရေစာပြတ်လပ်လာတာကြောင့် ခုအခါ ပိန်လှီနေတဲ့ အကောင်ရေ များလာတယ်လို့ ကိုယ်တွေ့မြင်ခဲ့တဲ့ ပရဟိတသမားတစ်ဦးက ပြောပါတယ် 

“ကိုဗစ်က တစ်နှစ်ခွဲကျော်လာပြီး လာလည်သူတွေ ကျွေးတာနဲ့ ရပ်တည်နေရတဲ့ သူတို့လေးတွေက အစာရေစာ ကောင်းကောင်းမစားရတော့ ပိန်လှီနေကြပြီ” လို့ အွန်လိုင်းပရဟိတမိသားစုအဖွဲ့မှ ဦးအောင်စိုးဦးက ပြောပါတယ်။ 

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ရှိ ရေတံခွန်တောင်ကို ၂၀၀၇ ခုနှစ်နောက်ပိုင်းမှ မျောက်အကောင်ရေ တိုးပွားလာတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ မျောက်အကောင်ရေ ၅၀၀၀ လောက် ရှိလာတယ်လို့ သိရပါတယ်။

14 mins Ago
Up