ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာ ၂၈ ရက် ဒီနေ့မနက်ပိုင်းက အစာအဆိပ်သင့်တဲ့ မိသားစုဝင် ၂ ယောက် ထပ်မံသေဆုံးပြီး သေဆုံးသူ ၆ ယောက်အထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့နယ် သက်ထင်ရွာမှာ နိုဝင်ဘာ ၂၆ ရက် ညနေ ၃ နာရီကျော်လောက်က ပြောင်းဖူးနဲ့ မှိုစားမိရာကနေ မိသားစုဝင် ၇ ယောက် အစာအဆိပ်သင့်ပြီး နိုဝင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့မှာ ၄ ယောက်သေဆုံးခဲ့ပြီး ဒီနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သက်ထင်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“လူကြီး ၆ ယောက်ကတော့ သေဆုံးသွားပြီး လသားအရွယ် ကလေးတယောက်ပဲ ကျန်မယ်။ အဲဒီကလေးကတော့ ပြောင်းဖူးတော့ မစားနိုင်လောက်ပေမဲ့ မိခင်နို့ရည်ကနေတဆင့် အဆိပ်သင့်မသင့် မသိရလို့ ကျောက်တော် ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်။”
အစာအဆိပ်သင့်ပြီး သေဆုံးခဲ့တဲ့ မိသားစုဝင်တွေကတော့ ဦးသောကြာအောင်နဲ့ ဇနီးဖြစ်သူ ဒေါ်ခိုင်သန်းနု၊ သမီးတွေဖြစ်တဲ့ မစန္ဒာဝင်း၊ မစောသန်း၊ သားဖြစ်သူ မောင်ကျော်ငြိမ်းထွန်းနဲ့ ယောက္ခမတော်စပ်သူ ဒေါ်အောင်မတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို အစာအဆိပ်သင့်ပြီး သမီးဖြစ်သူ လသားအရွယ်ကလေးရဲ့မိခင် မစန္ဒာဝင်းကတော့ ကျောက်တော်ဆေးရုံကို ပို့ဆောင်ရာ လမ်းမှာ အသက်ရှူကြပ်ပြီး ဝဲကြီးထောင့် တိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေစဥ် သေဆုံးခဲ့ကာ ဒေါ်ခိုင်သန်းနု၊ မစောသန်းနဲ့ မောင်ကျော်ငြိမ်းထွန်းတို့ကတော့ ကျောက်တော်ဆေးရုံမှာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ သေဆုံးခဲ့ပြီး ဦးသောကြာအောင်နဲ့ ဒေါ်အောင်မတို့ကတော့ ဒီနေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထပ်မံသေဆုံးခဲ့တာလို့ ဒေသခံက ပြောပါတယ်။
အဲဒီ အစာအဆိပ်သင့်ပြီး သေဆုံးခဲ့သူတွေကို ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ကျောက်တော်သုသာန်မှာ သင်္ဂြိုဟ်သွားမယ်လို့သိရပြီး စစ်ကောင်စီလက်အောက်ခံ ကျောက်တော်မြို့မရဲစခန်းက ရဲတွေနဲ့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကတော့ ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာ အထက်တန်းကျောင်းခွဲမှာလည်း နိုဝင်ဘာ ၂၃ မနက်ပိုင်းက အစာအဆိပ်သင့်သလိုဖြစ်ပြီး မြောင်းဘွေပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက အစာအဆိပ်သင့်ပြီး မိသားစုဝင် ၄ ယောက် သေဆုံးကာ ၃ ယောက်ကတော့ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်တော်မြို့နယ်၊ ပီချောင်း-သက်ထက်ရွာမှာ မနေ့ ညနေပိုင်းမှာ မိသားစုတစု အစာအဆိပ်သင့်ပြီး အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ တယောက် စုစုပေါင်း ၄ ယောက်သေဆုံးကာ လသားအရွယ်ကလေးငယ်တယောက်အပါအဝင် ၃ ယောက်ကတော့ ကျောက်တော်ပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့ သက်ထင်ရွာ ဒေသခံတယောက်က ပြောပါတယ်။
အစာအဆိပ်သင့်ပြီး သေဆုံးခဲ့သူတွေကတော့ ပီချောင်း-သက်ထက်ရွာသား ဦးသောကြာအောင်ရဲ့ အသက် ၅၂ နှစ်အရွယ် ဇနီးဖြစ်သူ ၊ အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူ မစန္ဒာဝင်း၊ အသက် ၂၁ နှစ်အရွယ်သမီးဖြစ်သူ မစောသန့်နဲ့ အသက် ၁၆ နှစ်အရွယ်သားဖြစ်သူကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေစဥ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အဲဒီမိသားစုဟာ ကျောက်တော်မြို့မစျေးထဲကနေ ပြောင်းဖူးဝယ်ယူ စားသုံးရာကနေ အစာအဆိပ်သင့်ခဲ့တာလို့ သိရပြီး ဖြစ်စဥ်အသေးစိတ်ကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေး နေပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာ အထက်တန်းကျောင်းခွဲမှာလည်း နိုဝင်ဘာ ၂၃ မနက်ပိုင်းက အစာအဆိပ်သင့်သလိုဖြစ်ပြီး မြောင်းဘွေပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပါတယ်။
ကချင်ပြည်နယ် ပူတာအိုမြို့ ဆာရ်ခွမ်ဒမ်းကျေးရွာမှာ မှိုချက်စားရာမှ အစာအဆိပ်သင့်ပြီး ဆေးရုံတင်ထားရတဲ့ ကလေးငယ် ၁ ဦး ဧပြီ ၁၀ ရက်နေ့ ညသန်းခေါင်မှာ ထပ်မံသေဆုံးသွားပါတယ်။
ပူတာအိုမြို့နယ် အလက(ခွဲ)ဆာရ်ခွမ်ဒမ်းကျောင်းက ဆရာမဒေါ်ခင်ဌေးကြွယ်တို့ သားအမိ ၃ ဦးဟာ ဧပြီ ၉ ရက် ညနေပိုင်းက မှိုချက်စားရာမှ အဆိပ်သင့်ခဲ့တာကြောင့် ဆေးရုံတင်ခဲ့ရပြီး ဧပြီ ၁၀ ရက်နေ့မနက်မှာ ၇ နှစ်အရွယ် သမီးဖြစ်သူ သေဆုံးခဲ့ပြီး ညသန်းခေါင်ချိန်မှာ သားဖြစ်သူ သေဆုံးသွားတာလို့ ဆာရ်ခွမ်ဒမ်းရွာခံတစ်ဦးက DVB ကို ပြောပါတယ်။
“ဧပြီ ၉ ရက်နေ့မှာ ဆရာမရဲ့ ကလေးနှစ်ယောက်က ကျောင်းဝင်းထဲမှာ ပေါက်နေတဲ့ မှိုခူးလာပြီး အမေကို ချက်ပေးဖို့ပူဆာကြပါတယ်။ ဆရာမလည်း သူ့ကလေးနှစ်ယောက်ယူလာတဲ့ မှိုအဆိပ်ရှိမှန်းမသိလို့ ချက်စားမိတယ်။ ၇ နှစ်အရွယ် သမီးကြီးအရင်ဆုံးသွားတာပါ။ သမီးလေးကို ဧပြီလ ၁၀ ရက်မှာ ဒေသခံရွာသူရွာများတွေ ဝိုင်းဝန်းသင်္ဂြိုဟ်ပေးလိုက်ပါတယ်။ ကျန်တဲ့သားလေးနဲ့ အမေရောဆေးရုံမှာ အခြေအနေမကောင်းဘူး ဆိုပြီးကြားထားတာ။ အခုတော့ သားလေးရော ဆုံးသွားပါပြီ” လို့ ပြောပါတယ်။
ဆရာမရဲ့ ခင်ပွန်းဖြစ်သူကတော့ မစားမိတာကြောင့် ဘာမှမဖြစ်ခဲ့ဘဲ အိမ်မှာမွေးထားတဲ့ ခွေးကိုလည်း ကျွေးခဲ့မိပြီး သွေးအန်တယ်လို့ ရွာခံနောက်တဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ လေးနှစ်အရွယ် မောင်စည်သူမိုးခန့်ကို ဧပြီ ၁၂ ရက်နေ့မှာ ရွာသူရွာသားတွေ ဦးဆောင်ပြီး သင်္ဂြိုဟ်ပေးသွားမယ်လို့ သိရပါတယ်။
ပူတာအိုမြို့မှာ ဒီတပတ်အတွင်း အချိန်အခါမဟုတ် ပေါက်တဲ့မှိုတွေ စားရာကနေ အဆိပ်သင့် သေဆုံးတာ ကလေး ၃ ဦးနဲ့ လူကြီး ၁ ဦး စုစုပေါင်း ၄ ဦးရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။