ချက်နိုင်ငံသား ထောင်ပေါင်းများစွာဟာ အောက်တိုဘာ ၂၈ ရက်က မြို့တော်ပရာ့ဂ်မှာ ဆန္ဒပြခဲ့ကြပြီး ရွေးကောက်ပွဲ စောစောစီးစီး ကျင်းပဖို့၊ ဗဟိုလက်ယာအစိုးရ နုတ်ထွက်ပေးဖို့နဲ့ ဆောင်းရာသီမတိုင်မီ ဓာတ်ငွေ့ထောက်ပံ့မှုနဲ့ပတ်သက်လို့ ရုရှားနဲ့ဆွေးနွေးဖို့ တောင်းဆို လိုက်ပါတယ်။
ပရာ့ဂ်မြို့ရဲ့ ပင်မရင်ပြင်မှာ နိုင်ငံတော်အားလပ်ရက်က ဆန္ဒပြပွဲကို လက်ယာစွန်းနိုင်ငံရေး လှုပ်ရှားမှုတွေ၊ အစွန်းရောက်အုပ်စုတွေနဲ့ ကွန်မြူနစ်ပါတီတို့က တတိယကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။
သောင်းဂဏန်းလောက်ရှိတဲ့ လူအုပ်ကြီးဟာ အရင်လုပ်ခဲ့တဲ့လူစုလူဝေး နှစ်ကြိမ်တုန်းကထက် အင်အား လျော့နည်းတယ်လို့ ရဲတပ်ဖွဲ့ကတော့ ခန့်မှန်းထားပါတယ်။
"ချက်သမ္မတနိုင်ငံသာ ပထမ!" ဆိုတဲ့ စည်းရုံးရေးအဖွဲ့က ဥရောပသမဂ္ဂနဲ့ နေတိုး အတ္တလန်တိတ် ဖြတ်ကျော် မဟာမိတ်အဖွဲ့ကို ဆန့်ကျင်ကန့်ကွက်ပြီး လူဦးရေ ၁၀ ဒသမ ၇ သန်းရှိတဲ့ သူတို့ချက်နိုင်ငံကို စစ်ရေးအရ ကြားနေ ဖြစ်စေချင်တာပါ။
ဆန္ဒပြသူတွေဟာ ချက်အလံတွေကို ဝှေ့ယမ်းပြီး အစိုးရကို “နုတ်ထွက်၊နုတ်ထွက်” လို့ ကြွေးကြော်ကာ နေတိုးနဲ့ အီးယူတို့ကနေ ထွက်ခွာဖို့ တောင်းဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
အနီးတစ်ဝိုက်မှာလည်း ယူကရိန်းကို ထောက်ခံတဲ့အနေနဲ့ တန်ပြန်ဆန္ဒပြပွဲလေး တစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ပီတာဖီရာလာရဲ့ ချက်နိုင်ငံအစိုးရဟာ ရုရှားအပေါ် အီးယူရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်မှတ်ရေးထိုးခဲ့ပြီး ယူကရိန်းကို ကျူးကျော်မှုအပေါ် တင်းတင်းမာမာ ရပ်တည်ခဲ့တာပါ။
ကုမ္ပဏီတွေအတွက် ငွေကြေးအကူအညီနဲ့ အိမ်ထောင်စုတွေအတွက် လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေ အပါအဝင် အစီအမံ များစွာကိုလည်း ချမှတ်ခဲ့ပါတယ်။