close

အစီရင်ခံစာ

close

July 9, 2022

“အကြမ်းဖက်စစ်အုပ်စု တာဝန်ခံရမည့် ရာဇဝတ်မှုခင်းများ” အစီရင်ခံစာထုတ်ပြန်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစတင်ကာ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ဆိုင်တဲ့ သက်သေအထောက်အထားတွေပါဝင်တဲ့ “အကြမ်းဖက်စစ်အုပ်စု တာဝန်ခံရမည့် ရာဇဝတ်မှုခင်းများ” အစီရင်ခံစာကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၈ ရက် မနေ့က ထုတ်ပြန်တဲ့ အဆိုပါ အစီရင်ခံစာကိုတော့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေထားတာဖြစ်ပါတယ်။

လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက အပြည့်အဝတာဝန်ခံရမှာဖြစ်ပြီး နိုင်ငံတကာဥပဒေရဲ့ အခြေခံနှုန်းစံတွေကို ဖောက်ဖျက်တဲ့ ရာဇဝတ်မှုတွေအတွက် အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင်တွေ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရ နေတာကို တားဆီးရပ်တန့်ဖို့ရည်ရွယ်ပြီး အစီရင်ခံစာထုတ်ပြန်တာလို့ အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် ဒီအစီရင်ခံစာမှာ အရင်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ တည်ထောင်သူ ယန်ဟီးလီ ကလည်း အမှာစာရေးသားထားတာကို တွေ့ရပါတယ်။

လတ်တလောကာလမှာတော့ ပြည်တွင်းတရားရုံးတွေကို လွတ်လပ်စွာ လုပ်ငန်းလည်ပတ်စေနိုင်မယ့် အခြေအနေမရှိသေးတာမို့ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ဖိနှိပ်၊ ရက်စက်၊ သတ်ဖြတ်မှုတွေ အတွက် ကျူးလွန်သူတွေကို ရောမစာချုပ်ရဲ့ ပုဒ်မ ၁၂(၃) အရ နိုင်ငံတကာရာဇဝတ်ခုံရုံး တရားခွင်မှာ ICC က တရားစွဲအပြစ်ပေးဖို့အတွက် ခုံရုံးက စီရင်ပိုင်ခွင့်ရှိမှာဖြစ်တယ်လို့လည်း ထပ်ဆင့်ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှာ မြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ချိန်ကစတင်ကာ သတ်ဖြတ်မှုပေါင်း ၁၈၇၅ ခုကို ကျူးလွန်ခဲ့ကြောင်း အေအေပီပီက စိစစ်အတည်ပြု မှတ်တမ်းယူခဲ့ပြီး ဆက်သွယ်မေးမြန်းမှုတွေအရလည်း တပ်မ ၇၇ နဲ့ တပ်မ ၄၄ တို့ဟာ အဆိုပါဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်နေတာ၊ တနည်းအားဖြင့် အဆိုပါရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာတွေကို တွေ့ရှိခဲ့ရတယ်လို့ လည်း ဆိုပါတယ်။

ဒါ့အပြင် အေအေပီပီက ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းချိန်ကစပြီး မတူညီတဲ့ ပစ်ခတ်မှုဖြစ်စဉ် ၁၃ ခုအတွင်း အနည်းဆုံး အရပ်သားပြည်သူ ၃၃၇ ယောက် သေဆုံးခဲ့ခြင်းက ရက်စက်ပြင်း ထန်တဲ့ တိုက်ခိုက်မှု ဖြစ်ပြီး အစုလိုက်အပြုံလိုက် သုတ်သင်သတ်ဖြတ်မှု ဖြစ်တယ်လည်း ဆိုပါတယ်။

 “အကြမ်းဖက်စစ်အုပ်စု တာဝန်ခံရမည့် ရာဇဝတ်မှုခင်းများ” အစီရင်ခံစာမှာတော့ စာမျက်နှာပေါင်း ၈၇ မျက်နှာနဲ့ အပိုဒ်ခွဲပေါင်း ၂၁၇ ပိုဒ်ခွဲကာ ဖော်ပြထားပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အကျူံးဝင်တဲ့ ပြစ်မှုတွေ နိုင်ငံတကာစာချုပ်တွေကနေ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ သတ်မှတ်ချက်တွေကို အသေးစိတ်ရှင်းပြထားသလို အဆိုပါစာချုပ်တွေကို ဘယ်သူတွေက ဘယ်လိုအခြေအနေမှာ ဘယ်လိုချိုးဖောက်တယ်ဆိုတာတွေကိုလည်း အကိုးအကား အထောက် အထားပြည့်စုံစွာ အစီရင်ခံထားတာ ဖြစ်ပါတယ်။

အကြံပြုတိုက်တွန်းချက်မှာတော့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကတဆင့် ကျူးလွန်သူတွေဟာ ဘယ်လိုတာဝန်ခံရမယ်ဆိုတာကို ဖော်ပြထားပြီး ICC ရဲ့ ယန္တရားတွေနဲ့ လုပ်ပိုင်ခွင့်တွေ၊ ဘယ်လိုတရားစွဲဆိုတာ၊ ဘယ် လိုလွှဲပြောင်းတာစတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဖော်ပြထားတာ ဖြစ်ပါတယ်။

5 mins Ago

December 6, 2020

အီသီယိုးပီးယား စစ်ပွဲပဋိပက္ခဆိုင်ရာ အစီရင်ခံစာများ ထွက်ပေါ်

အီသီယိုးပီးယား နိုင်ငံအတွင်း အီရီထရီးယား နိုင်ငံနဲ့ နယ်စပ်မှာ ရှိတဲ့ တောင်ထူထပ်တဲ့ တီဂရေးဒေသထဲမှာ လချီကြာတဲ့ စစ်ပွဲအတွင်း ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွေ ဒီဇင်ဘာ ၅ ရက်က ထွက်ပေါ်လာပါတယ်။ အီသီယိုးပီးယား အစိုးရကတော့ နိုင်ငံမြောက်ပိုင်း သူပုန်တပ်က စစ်ဦးစီးမှူး အများစုကို ဖမ်းဆီးသတ်ဖြတ်ပြီးပြီလို့ ပြောထားပါတယ်။ တီဂရေးဒေသ TPLF သူပုန်ခေါင်းဆောင်ကတော့ အရပ်သားတွေက သိမ်းပိုက်သူ စစ်သည်တွေရဲ့ လုယက်မှုကို ဆန့်ကျင်ဆန္ဒပြနေတယ်လို့ ပြောပါတယ်။ သူပုန်ခေါင်းဆောင်တွေ ပုန်းနေတဲ့နေရာနဲ့ အီသီယိုပီးယား အမျိုးသားကာကွယ်ရေးတပ် စခန်းချရာနေရာက ဆယ်ကီလိုမီတာပဲ ဝေးတယ်လို့ အီသီယိုးပီးယား ဗိုလ်မှူးကြီး ရှမ်ဘဲလ် ဘေယေနေက အစိုးရရုပ်သံနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။ တီဂရေး ဒေသရဲ့ မြို့တော် မေခဲလ်နားက TPLF သူပုန်တပ်ကပိုင်တဲ့ လက်နက်တိုက်ကြီးကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အခိုင်အမာ ပြောဆိုချက်အတွက် သက်သေကိုတော့ ၂ ဖက်စလုံးက မပေးခဲ့ပါဘူး။  ဒေသတွင်းမှာ မီဒီယာတွေအတွက်ရော၊ ကူညီရေး လုပ်သားတွေအတွက်ပါ ဖုန်းနဲ့ ဆက်သွယ်ရေး ဖြတ်တောက်ထားတဲ့အပြင် အသွားအလာကိုလည်း ဆိုးဆိုးရွားရွား ကန့်သတ်ထားပါတယ်။ ဝန်ကြီးချုပ် အာဘီ အာမဒ်ရဲ့ ပြည်ထောင်စု စစ်တပ်နဲ့ တီဂရေး ဒေသန္တရ စစ်တပ် (TPLF) ကြား နိုဝင်ဘာ ၄ ရက်က စတဲ့ တိုက်ပွဲအတွင်း လူထောင်ချီ သေဆုံးခဲ့တယ်လို့ ယုံကြည်ရပြီး ဒုက္ခသည် အယောက် ၄၆၀၀၀ နီးပါး အိမ်နီးချင်း ဆူဒန်နိုင်ငံဆီ ထွက်ပြေးခဲ့ကြပါတယ်။  TPLF သူပုန် ခေါင်းဆောင်တွေကတော့ ဒေသတွင်း ခိုင်ခိုင်မာမာ ထောက်ခံမှုရထားကာ အနားဝန်းကျင်က တောင်တွေဆီ ထွက်ပြေးခဲ့ပြီး ပြောက်ကျားခံစစ်ကို အသုံးပြုနေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up