အာဖဂန်နစ္စတန်မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်ပွားနေတာကြောင့် ဒုက္ခသည်အ မြောက်အများ ဝင်ရောက်လာမှာဖြစ်တဲ့အတွက် အရှိန်မြှင့် ပြင်ဆင်နေတယ်လို့ ပါကစ္စတန်က ဇူလိုင် ၉ ရက်မှာ ပြောပါတယ်။
တာလီဘန်အရာရှိတွေကလည်း သူတို့ဟာ အာဖဂန်နစ္စတန်ရဲ့ နယ်မြေ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံရဲ့ အခြေအနေကို ပြည်နယ်အစိုးရက အလွန်အမင်း စိုးရိမ်နေပါတယ်လို့ အာဖဂန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပါကစ္စတန်နိုင်ငံရှိ ဘလိုချီစတန်ပြည်နယ်ရဲ့ ပြည်ထဲရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ခုချိန်ထိတော့ ဒုက္ခသည်တွေ ရောက်မလာသေးပေမဲ့ ဘာမဆို အချိန်မရွေး ဖြစ်လာနိုင်ပြီး ရောက်လာရင်လည်း အစုလိုက်အပြုံလိုက် ရောက်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရ တယ်လို့ ဆိုပါတယ်။
ပါကစ္စတန်နိုင်ငံဟာ အာဖဂန်နစ္စတန်နဲ့ အဓိက နယ်စပ်စစ်ဆေးရေး ဂိတ်နှစ်ခုကို ခွဲဝေထားတာပါ။
ကိုဗစ်-၁၉ ပြန့်ပွားမှုကြောင့် ခိုင်ဘာပတ်ခ်ထွန်ခါဝါပြည်နယ်ရှိ တော်ခမ်နယ်စပ်ကို ပါကစ္စတန်ဘက်က ပိတ်ထားလိုက်ပေမဲ့ ဘလိုချီစတန်ရှိ ချာမန်နယ်စပ်ကိုတော့ ဖွင့်ထားပါတယ်။
ဒုက္ခသည်အမြောက်အများ ပါကစ္စတန်ဆီကို ပြေးလာကြရင် ကိုဗစ်-၁၉ ပြန့်ပွားမှုရဲ့ ခြိမ်းခြောက်မှုကို ပြည်နယ်အစိုးရက သတိထားနေရပြီး သာမန်ဒုက္ခသည်တွေအတွက် စခန်းတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဒုက္ခသည်တွေအတွက် စခန်းတွေ ဆောက်ပေးထားဖို့ စီစဉ်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကတော့ အာဖဂန်နစ္စတန်ကို ဆေးဝါးနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ရရှိစေဖို့ ကျန်းမာရေးလုပ်သားတွေ ရုန်းကန်နေရပြီး စက်ရုံတွေ တိုက်ခိုက်ခံရပြီးနောက်မှာ ၀န်ထမ်းတချို့ ထွက်ပြေး တိမ်းရှောင်ကြရတယ်လို့ ပြောပါတယ်။
ဧရာဝတီတိုင်း၊ ရဲတပ်ဖွဲ့မှူးရုံးမှာ ဇွန်လ နောက်ဆုံးပတ်ကစတင်ပြီး လက်ရှိချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၁၅ ယောက်လောက်ရှိလာပြီလို့ သိရပါတယ်။
ဦးစီး ၂ မှုခင်းဌာနစိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ယောက်ရဲ့ ဇနီးဖြစ်သူဟာ ဘဏ်မှာတာဝန်ထမ်းဆောင်ရင်း ရောဂါပိုး ကူးရာကနေ ခင်ပွန်းဖြစ်သူကို ရောဂါ ဆက်ကူးခဲ့တာလို့ သိရပါတယ်။
ဆက်စပ်လူနာတွေကို ကျန်းမာရေးဌာနက ကွာရန်တင်းထားဖို့ပြောဆိုပေမယ့် ရဲမှူး ဦးစီး ဆိုသူက ရဲချုပ်လာမှာ မလို့ပြောဆိုကာ ကိုဗစ်ဆက်စပ်လူနာတွေကို အလုပ်ခေါ်ခိုင်းနေတာလို့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
"အများဆုံးကတော့ မှုခင်းဌာနက ဒါပေမဲ့ မဖြစ်မနေအလုပ်လုပ်ရတော့ ဆက်စပ်လူနာတွေကိုပါ ခေါ်ပြီး ဆင်းခိုင်းနေတာ၊ ရဲချုပ်က နက်ဖြန်ရောက်မှာဆိုတော့ ရုံးထဲ အားလုံးခေါ်ပြီး အလုပ်ခိုင်းနေတာ''လို့ တိုင်းရဲတပ်ဖွဲ့က ရဲအရာရှိတဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ ရဲတိုင်းရုံးမှာ အရာရှိတပ်ဖွဲ့ဝင် ၃ ယောက် အပါဝင် ရဲဝန်ထမ်း ၁၅ ယောက် နီးပါးကူးစက်ခံထားရပါတယ်။
ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ သူတွေကို ဆေးရုံပို့ထားပေမယ့် ဆက်စပ် လူနာတွေကို ကွာရန်တင်းနဲ့ နေအိမ်တွေမှာ မနေခိုင်းဘဲ ရုံးမှာ အလုပ်ခေါ်ခိုင်းနေတာကြောင့် ကျန်တဲ့သူတွေက ရောဂါပိုးကူးစက်မှာကို စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။