close

အစောင့်အကြပ်များနှင့် ခေါ်ထုတ်

close

October 23, 2022

တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်ပိတ်ပွဲတွင် သမ္မတဟောင်းဟူကျင်းတောင်ကို အစောင့်အကြပ်များနှင့် ခေါ်ထုတ်

တရုတ်သမ္မတဟောင်း ဟူကျင်းတောင်ဟာ အောက်တိုဘာ ၂၂ ရက် က အာဏာရကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက်ပိတ်ပွဲအခမ်းအနားမှာ မမျှော်လင့်ဘဲ အစောင့်အကြပ်တွေနဲ့ ခေါ်ထုတ်သွားတာ မြင်တွေ့ရပါတယ်။

လက်ရှိသမ္မတရှီကျင့်ဖျင်ရဲ့ ဘယ်ဘက်မှာ ထိုင်နေတဲ့ အသက် ၇၉ နှစ်အရွယ် ဟူကျင်းတောင်ကို အခမ်းအနား စီစဉ်သူ နှစ်ယောက်က  ပေကျင်းမြို့တော်က ပြည်သူ့ခန်းမရဲ့ စင်မြင့် ပေါ်ကနေ ဦးဆောင်ခေါ်ထုတ်ခဲ့တာဖြစ်ပြီး ဘာကြောင့်သူ့ကို ခေါ်ထုတ်သွားတာလည်းဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လူအများက မေးခွန်းထုတ်နေကြပေမဲ့ တရုတ်အစိုးရကတော့ အဖြေမပေးသေးဘဲ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကတော့ ဟူကျင်တောင်ဟာ နေထိုင်မကောင်း ဖြစ်လို့ ခန်းမထဲကနေ အစောင့်အရှောက်နဲ့ ထွက်သွားတာလို့ သတင်းထုတ်ပါတယ်။

ရှီကျင့်ဖျင်မတိုင်ခင် သမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့  ဟူကျင်တောင်ဟာ အောက်တိုဘာ ၁၅ ရက်မှာ ကွန်ဂရက်ဖွင့်ပွဲအခမ်းအနားအတွက် ရှီနဲ့ အတူတူ စင်မြင့်ပေါ်မှာ ရှိနေချိန်မှာ နည်းနည်း  မတည်မငြိမ်ဖြစ်နေ ခဲ့တာပါ။

ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက်ဟာ ပါတီရဲ့ဖွဲ့စည်းပုံကို ပြင်ဆင်ရင်း အောက်တိုဘာ ၂၂ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။

ကွန်ဂရက်အတွင်း ရှီရဲ့ အဓိက အနေအထားနဲ့ ပါတီတွင်း သူရဲ့ နိုင်ငံရေး အတွေးအမြင် လမ်းညွှန်အခန်းကဏ္ဍကို ခိုင်မြဲစေခဲ့တာပါ။ ရှီကျင့်ဖျင်ရဲ့ အဓိက အရာရှိ နှစ်ဦး မပါတဲ့ ဗဟိုကော်မတီအသစ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်မှာ ဗဟိုကော်မတီ အသစ်ဟာ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီကို ရွေးချယ်မှာဖြစ်ပြီး အသက် ၆၉ နှစ်အရွယ် ရှီဟာ တတိယမြောက် ခေါင်းဆောင်မှုသက်တမ်းကို ရယူဖို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားပါတယ်။

ပါတီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ အထဲမှာ တည်ထောင်ခြင်းနှစ်ရပ်ဟာ ရှီကို ပါတီရဲ့ "အမာခံ" ခေါင်းဆောင်အဖြစ် သတ်မှတ်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်မှုတွေအဖြစ် သူ့အကြံဉာဏ်တွေကို လည်း ခိုင်မြဲစေပါတယ်။

"အကာအကွယ် နှစ်ရပ်ဟာ ပါတီအတွင်း ရှီရဲ့ "အဓိက" အဆင့်အတန်းနဲ့ တရုတ်နိုင်ငံအပေါ် ပါတီရဲ့ ဗဟိုချုပ်ကိုင်မှုအာဏာကို အာမခံထားပါတယ်။ 

ရှီကျင့်ဖျင်ရဲ့ အာဏာရပါတီခေါင်းဆောင်အဖြစ် တတိယ ငါးနှစ်ကြာ ခေါင်းဆောင်မှုသက်တမ်းဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ထူထောင်တဲ့ ခေါင်းဆောင် မော်စီတုံး နောက်ပိုင်း အာဏာအရှိဆုံး အုပ်ချုပ်သူအဖြစ် ခိုင်မာစေခဲ့ပါတယ်။

4 mins Ago
Up