အစ္စရေးတပ်တွေဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း ဂျဲရစ်ခိုမြို့နားက ဒုက္ခသည်စခန်းကို ဖေဖော်ဝါရီ ၆ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး ဟားမတ်စ်စစ်သွေးကြွ ငါးယောက်ကို သတ်ခဲ့တယ်လို့ ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုနဲ့ အစ္စရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဟားမတ်စ်တွေရဲ့ လက်နက်ကိုင်လက်ရုံး ကတ်ဆမ် တပ်မဟာတွေက သူတို့အဖွဲ့ဝင်တွေ အက်ဘတ် ဂျာဘီယာ ဒုက္ခသည်စခန်း စီးနင်းမှုထဲမှာ သေဆုံးခဲ့ရတဲ့အတွက် လက်စားချေမယ်လို့ ပြောပါတယ်။
အစ္စရေးကတော့ သူ့ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်ဖို့ ကြိုးစားတဲ့ သေနတ်သမားတွေကို ဖမ်းဖို့ ရည်ရွယ်ခဲ့တာလို့ ပြောပါတယ်။
အစ္စရေးရဲ့ ကျူးကျော်ဝင်ရောက်မှုကို ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
နောက်ထပ် အကြမ်းဖက်မှုတွေ တိုးလာမှာ စိုးရိမ်နေရတဲ့အထိ တင်းမာမှု မြင့်တက်နေချိန်မှာ စီးနင်းခဲ့တာဖြစ်လို့ နှစ်ဖက်စလုံး တည်တည်ငြိမ်ငြိမ် ဖြေရှင်းကြဖို့ အမေရိကန်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ဆော်ဩခဲ့ကြပါတယ်။
အီဂျစ်မြို့တော် ကိုင်ရိုမှာ အီဂျစ်အရာရှိတွေနဲ့ ဆွေးနွေးပွဲမတိုင်ခင် နောက်ထပ် တင်းမာမှု အရှိန်မြင့်လာတာကို ဟန့်တားဖို့ မျှော်လင့်နေကြပြီး ဒီစီးနင်းမှုဟာ ဆွေးနွေးပွဲတွေအပေါ် သက်ရောက်လိမ့်မယ်လို့ ဟားမတ်စ်ခေါင်းဆောင် အစ်မေးလ် ဟာနီယာက ပြောပါတယ်။
သိမ်းပိုက်ထားတဲ့ ဂါဇာအနောက်ဘက်ကမ်းဒေသမှာ ဇန်နဝါရီ ၁၄ ရက်က အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ပါလက်စတိုင်း သေနတ်သမား နှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး မျက်မြင်သက်သေတွေ ပြောကြားချက်အရသိရပါတယ်။
ပဋိပက္ခတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ မြို့အနီးမှာ စစ်တပ်က ဝင်စီးနင်းပြီးနောက်မှာ တိုက်ပွဲ ဖြစ်ကြတာဖြစ်ပြီး အရုဏ်မတက်ခင်မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ သေနတ်သမားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကာ တယောက် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။
တခြား သေနတ်သမားနှစ်ယောက်က သူနဲ့အတူ မောင်းထွက်သွားပြီးတော့ ဒေသခံတွေက ဒဏ်ရာရသူကို ကားပေါ်ကနေချခဲ့ပြီးတော့ ကားပြန်လှည့်လာကြောင်းနဲ့ သူတို့ အပစ်ခံရချိန်အထိ သူတို့ကို တပ်ဖွဲ့က လိုက်ဖမ်းခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေဆီ ပစ်ခတ်ခံခဲ့ရပြီးနောက်မှာ တပ်ဖွဲ့ဝင်တွေက ပြန်ပစ်ခတ်ခဲ့တာဖြစ်ပြီး အစ္စရေးက အသေအပျောက်မရှိဘူးလို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။
အခင်းဖြစ်ပွားချိန်က နံရံကို ဝင်တိုက်မိတဲ့ ယာဉ်အတွင်းပိုင်းမှာ သွေးစွန်းကွက်တွေ ရှိခဲ့ပါတယ်။ သေဆုံးသူ နှစ်ယောက်ဟာ သူတို့အဖွဲ့ဝင်တွေ ဖြစ်ကြောင်း ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့က အခိုင်အမာ ပြောပါတယ်။