ပါလက်စတိုင်းစစ်သွေးကြွ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ ခါဒရ် အက်ဒ်နန်ဟာ ၈၇ ရက်ကြာ အစာငတ်ခံ ဆန္ဒပြပြီးနောက် မေ ၂ ရက်က အစ္စရေးအကျဉ်းထောင်မှာ သေဆုံးသွားခဲ့ကြောင်း အစ္စရေးအကျဉ်းထောင် အာဏာပိုင်တွေက ပြောပါတယ်။
အက်ဒ်နန်ဟာ ဆေးစစ်မှုခံယူဖို့နဲ့ ဆေးကုသမှုခံယူဖို့ကို ငြင်းဆိုခဲ့ပြီး အင်္ဂါနေ့ မနက်အစောပိုင်းမှာ သူ့အကျဉ်းခန်းထဲမှာ သတိလစ်နေတာကို တွေ့ရှိခဲ့ရကြောင်း အစ္စရေးက ပြောပါတယ်။
အက်ဒ်နန်သေဆုံးမှုဟာ အဖြေမရမချင်း ပြီးမသွားဘူးလို့ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်တွေ ကတိပြုပြီး သိပ်မကြာခင်မှာပဲ ဂါဇာကမ်းမြောင်ဒေသမှာ ဥသြသံတွေ ထွက်ပေါ်လာပြီး အစ္စရေး ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်သူတွေကို ခိုလှုံမယ့်နေရာတွေဆီ ပြေးကြဖို့ အချက်ပေးခဲ့ပါတယ်။
ဂါဇာကမ်းေမြာင်က အစ္စရေးပိုင်နက်ဆီကို ဦးတည်ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ၃ စင်းဟာ ကွင်းပြောင်ပြောင်နေရာတွေမှာ ကျရောက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုခဲ့ပါတယ်။
ခါဒရ် အက်ဒ်နန်ကို သွေးအေးအေးနဲ့ ကွပ်မျက်လိုက်တာပါလို့ ဂါဇာရှိ WAED အကျဉ်းသားများအသင်းက ရိုက်တာသတင်းဌာနကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်း အကျဉ်းသားများအဖွဲ့ရဲ့ အဆိုအရ အက်ဒ်နန်ဟာ အစ္စရေးရဲ့ ထိန်းသိမ်းမှု ၁၂ ကြိမ်ရှိခဲ့ပြီး အများစုမှာ အုပ်ချုပ်ရေးဆိုင်ရာ ထိန်းသိမ်းမှုအောက်မှာ ထောင်ဒဏ် ၈ နှစ်လောက် ချမှတ်ခံခဲ့ရပါတယ်။
အစ္စရေးက အက်ဒ်နန်ကို အကြမ်းဖက်တာကို ထောက်ပံ့ကူညီမှု၊ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်မှု၊ လှုံ့ဆော်မှုတွေနဲ့ စွပ်စွဲထားတာပါ။
အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ဂျနင်မြို့က အသက် ၄၅ နှစ်အရွယ် အက်ဒ်နန်ဟာ ၂၀၀၄ ခုနှစ်ကစတင်ပြီး အကျဉ်းထောင်ကို ဝင်လိုက်ထွက်လိုက်ကြုံခဲ့ရကာ အစာငတ်ခံ ဆန္ဒပြမှု ၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွ ၆ ယောက်ဟာ လုံခြုံရေးမြင့်တဲ့ အစ္စရေး ထောင်ထဲကနေ ထွက်ပြေး လွတ်မြောက်သွားပြီးနောက် အစ္စရေး လုံခြုံရေးတွေက ဂီလ်ဘောင် ထောင်ပတ်လည်မှာ စက်တင်ဘာ ၆ ရက်က လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ပါတယ်။
ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်ကတော့ ဒီဖြစ်ရပ်က အကြီးအကျယ် စိုးရိမ်စရာလို့ ပြောပါတယ်။ အစ္စရေး မြောက်ပိုင်းမှာရှိတဲ့ ဂီလ်ဘောင် ထောင်ကနေ ထွက်ပြေး လွတ်မြောက်သူတွေကို စစ်တပ်နဲ့ ရဲက စတင် ရှာဖွေ နေပါပြီ။
အစ္စလာမစ် ဂျီဟတ်လှုပ်ရှားမှုက ဝရမ်းပြေး ၅ ယောက်နဲ့ ဖှာတာပါတီနဲ့မိတ်ဖွဲ့ထားတဲ့ လက်နက်ကိုင်အုပ်စုက စစ်ဦးစီးမှူးဟောင်း ၁ ယောက် တို့ ထွက်ပြေး လွတ်မြောက်တာလို့ ထောင်က ပြောပါတယ်။
ပါလက်စတိုင်း အကျဉ်းသားတွေဟာ သူတို့ ထောင်အခန်းထဲက သန့်စင်ခန်း ကြမ်းပြင်ကနေ အပေါက်ဖောက်ပြီး ထောင်ကို ဆောက်လုပ်ချိန်ကရှိတဲ့ လမ်းကြောင်းဆီကို ချိတ်ဆက်ခဲ့တာလို့ အကျဉ်းဦးစီးဌာန မြောက်ပိုင်း အုပ်ချုပ်ရေးမှူး အာရိခ် ယာကွတ်ဗ်က ပြောပါတယ်။
လွတ်မြောက်သွားသူတွေအထဲက လေးယောက်ဟာ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံထားသူတွေလို့ ပါလက်စတိုင်းထောင်သားများ အဖွဲ့အစည်းက ပြောပါတယ်။
ဒီထောင်ဟာ အစ္စရေးသိမ်းပိုက်ခံ အနောက်ဘက်ကမ်း နယ်စပ်နဲ့ ၂မိုင်ပဲ ဝေးပြီး အစ္စရေးရဲ့ လုံခြုံရေး အမြင့်ဆုံး ထောင်တွေထဲက တခုပါ။ အစ္စရေး ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ သံသယရှိသူ ကျူးလွန်သူ ပါလက်စတိုင်းတွေကို ထိန်းသိမ်းထားတဲ့ နေရာလည်း ဖြစ်ပါတယ်။