close

အစ္စရေးနိုင်ငံသား

close

March 19, 2023

တရားရေးပြင်ဆင်မှုအပေါ် အစ္စရေးနိုင်ငံသားများ ဆန္ဒပြ

အစ္စရေး တရားရုံးချုပ်ရဲ့ အာဏာကို ချုပ်ကိုင်ဖို့ အစိုးရက ခက်ခက်ခဲခဲ ပြင်ဆင်ထားတဲ့ အစီအစဉ်တွေကို ဆန့်ကျင်တဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေရဲ့ အစိတ်အပိုင်းအဖြစ် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ လမ်းမတွေပေါ်မှာ လူထောင်ပေါင်းများစွာဟာ မတ် ၁၈ ရက်က ချီတက်ခဲ့ပါတယ်။

အနီရောင်ဝတ် ဆန္ဒပြသူတချို့က အစ္စရေးအလံတွေကို ဝှေ့ယမ်းရင်း နဖူးစည်း စာတမ်းတွေကို ကိုင်ဆောင်ထားတာကို ဒရုန်းကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေထဲမှာ မြင်ရပါတယ်။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ သူ့ရဲ့  ရည်ရွယ်ချက်က အစိုးရ အကိုင်းအခက်တွေ ဟန်ချက်ညီစေဖို့ လို့ ပြောပါတယ်။

ဘာသာရေး-အမျိုးသားရေး ညွန့်ပေါင်းမဟာမိတ်တွေနဲ့အတူ လွှတ်တော်အမတ် အများစု ကိုင်စွဲထားပေမယ့် သူ စီစဉ်ထားတဲ့ တရားစီရင်ရေး ပြန်လည်ပြင်ဆင်မှုကြောင့် ပြည်တွင်း ပြည်ပမှာ စိုးရိမ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ 

အတည်ပြုရရေးဆီ ဦးတည်တဲ့ အပြောင်းအလဲတွေနဲ့အတူ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာလို့ စီးပွားရေးကို ထိခိုက်စေပြီး အစ္စရေး ငွေကြေး တန်ဖိုးလည်း ကျဆင်းသွားခဲ့ပါတယ်။

စစ်တပ်အရန်တပ်သားတချို့ကလည်း ဆင့်ခေါ်အမိန့်ကို ဂရုမစိုက်ဘဲ  ခြိမ်းခြောက်မှုဆီ တိုးလာခဲ့ပါတယ်။

သမ္မတ အိုင်းဇက် ဟာဇော့ဂ်ဟာ ပြုပြင်မွမ်းမံမှုကို ရွှေ့ဆိုင်းဖို့ အယူခံဝင်ခဲ့ပြီး ဝန်ကြီးချုပ်က အမြန် ပယ်ချခဲ့တဲ့ တရားစီရင်ရေး အပြောင်းအလဲအတွက် အစားထိုးအစီအစဉ်တခုကို မတ် ၁၅ ရက်က တင်ပြခဲ့ပါတယ်။

ဒီဇင်ဘာနှောင်းပိုင်းက ဝန်ကြီးချုပ်အဖြစ် ဆဋ္ဌမသက်တမ်းအတွက် ရာထူးပြန်ရလာတဲ့ နေတန်ယာဟုက ဆန္ဒပြပွဲတွေဟာ သူ့ကိုဖြုတ်ချဖို့ ရည်ရွယ်ထားတာလို့ ပြောပါတယ်။

နေတန်ယာဟုဟာ အကျင့်ပျက်ခြစားမှု သုံးခုအတွက် တရားရင်ဆိုင်နေရပြီး အမှားအယွင်း အားလုံးကို ငြင်းဆိုထားပါတယ်။

3 hours Ago

December 24, 2021

ကွာရန်တင်း ဟိုတယ်မှထွက်ပြေးသည့် အစ္စရေးနိုင်ငံသားကို ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေး ကွာရန်တင်း ထားရှိတဲ့ ဟိုတယ်ကနေ ထွက်ပြေးတဲ့ အစ္စရေးနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် တယောက်ကို ထိုင်းရဲတွေက ဒီဇင်ဘာ ၂၂ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

သူဟာ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံ ထားရသူအဖြစ် စစ်ဆေး တွေ့ရှိထားတယ်လို့လည်း ဆိုပါတယ်။

အသက် ၂၉ နှစ်အရွယ် အိုဟဒ် ဘာရွတ်ခ်ဟာ ဘန်ကောက်မြို့တော်ကို ဒီဇင်ဘာ ၁၇ ရက်က ရောက်လာတာပါ။ သူဟာ ရောဂါခြေချုပ် ဟိုတယ်ကနေ နောက်နေ့မှာ ဆေးစစ်ချက် ရလဒ်ကို မစောင့်ဘဲ ထွက်သွားခဲ့တာပါ။

အဲဒီနောက် ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းကို ခရီးသွားခဲ့ပြီး ဗုဒ္ဓဟူးနေ့ မွန်းလွဲချိန်မှာ အဲဒီကျွန်းက ထိုင်းရဲတွေဆီ လာရောက် အဖမ်းခံခဲ့ပါတယ်။

သူ့ကို ထပ်မံ စမ်းသပ်ရာမှာတော့ ကူးစက်ခံ မဟုတ်ကြောင်း ထပ်တွေ့ခဲ့ပေမဲ့ သူ့ကို ကော့စမွေ ဆေးရုံမှာ ရောဂါခြေချုပ်နဲ့ ဆယ်ရက် ထားဖို့ အမိန့်ချ ထားပါတယ်။

အစ္စရေးခရီးသည်ရဲ့ ဆေးစစ်ချက် ရလာဒ်က အချိန်ပေါ် မူတည်ပြီး ကူးစက်ခံ ဖြစ်လိုက် မဖြစ်လိုက် ပြသနေတယ်။

“သူက နေပြန်ကောင်းခါနီးနေပြီ ဒါကြောင့် သူ့ကိုယ်ထဲမှာ ဗိုင်းရပ်စ် နည်းနည်း ကျန်သေးတယ်” လို့  ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ကီယတ်တီဖမ် ဝုန်ရာဂျစ်က ပြောပါတယ်။

ဘာရွတ်ခ်ဟာ ရောဂါ ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်မှုနဲ့ တရားစွဲ ခံထားရပါတယ်။

1 year Ago
Up