close

အစ္စရေးနိုင်ငံ

close

January 15, 2023

တရားစီရေးဆိုင်ရာ ပြောင်းလဲမှုအပေါ် အစ္စရေးနိုင်ငံ မြို့ ၃ မြို့တွင် လူသောင်းချီဆန္ဒပြ

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုရဲ့  တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ဇန်နဝါရီ ၁၄ ရက်က သောင်းနဲ့ချီတဲ့ အစ္စရေးနိုင်ငံသားတွေဟာ အဓိကမြို့ကြီး ၃ မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို စီစဉ်သူတွေက နေတန်ယာဟု ပြန်လည်ရွေးကောက်ခံရပြီးနောက် ရက်သတ္တပတ်တွေ အတွင်း ဒီမိုကရေစီအုပ်ချုပ်ရေးကို လျော့ရဲစေခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဘာသာရေးနဲ့ အမျိုးသားရေး ညွှန်ပေါင်းအဖွဲ့တခုမှာ ကြားခွထိုင်ကာ ပါလီမန်နေရာအများစုကို အခိုင်အမာရယူထားတဲ့ နေတန်ယာဟုရဲ့  ၆ ကြိမ်မြောက် ၀န်ကြီးချုပ်သက်တမ်းအတွင်း အမြင့်ဆုံး တရားရုံးချုပ်ကိုပါ ထိန်းချုပ်လိုနေတာဖြစ်ပါတယ်။ 

ဒါဟာ အစိုးရရဲ့မဏ္ဍိုင် ၃ ရပ်ကို ချိန်ခွင်လျှာညှိနိုင်ဖို့ တဖန်ကြိုးပမ်းမှုတရပ်အဖြစ် နေတန်ယာဟုက ပုံဖော်ခဲ့ပါတယ်။ 

ဝေဖန်သုံးသပ်သူတွေကတော့ လက်ရှိအဆိုပြုထားတဲ့ ဒီပြုပြင်ပြောင်းလဲမှုဟာ တရာစီရင်ရေး ဆိုင်ရာ လွတ်လပ်မှုကို အကြီးအကျယ်ထိခိုက်စေမှာ ဖြစ်သလို အကျင့်ပျက်ခြစားမှုတွေကိုလည်း အားပေးရာရောက်တဲ့အပြင် လူနည်းစုအခွင့်အရေးတွေကိုပါ ကျောခိုင်းရာ ရောက်တယ်ဆိုပြီး ထောက်ပြခဲ့ကြတာပါ။ 

နိုင်ငံရပ်ခြားက စစ်ရာဇဝတ်မှုစွပ်စွဲချက်တွေကနေ အကာအကွယ်ပေးထားတဲ့ အစ္စရေးတရားရေး စနစ်အပေါ်မှာလည်း အများပြည်သူရဲ့ယုံကြည်ကိုးစားမှုကိုပါ ဆုံးရှုံးစေနိုင်တယ်လို့လည်း ဝေဖန်ကြပါတယ်။ 

ဒီလိုဆန့်ကျင်သူတွေထဲမှာ နိုင်ငံရဲ့ အမြင့်ဆုံးတရားသူကြီးချုပ်နဲ့အတူ ရှေ့နေချုပ်ဖြစ်သူတို့လည်း ပါဝင်ပါတယ်။ 

လက်ရှိသဘောထားကွဲလွဲနေတဲ့ နိုင်ငံရေးသမားတွေအနေနဲ့ အချေအတင်ဆွေးနွေးမှု မြင့်တက်လာတာကို လျှော့ချကြဖို့ သမ္မတ အိုင်းဆက် ဟာဇော့ဂ်က မေတ္တာရပ်ခံခဲ့ပြီးနောက် ဆန္ဒပြပွဲစီစဉ်သူတွေကလည်း အေးစိမ့်နေတဲ့ ဆောင်တွင်းမိုးအောက်မှာ အမျိုးသားညီညွတ်ရေး အတွက် မှတ်ကျောက်တင်နိုင်ဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

မြို့တော်ဂျေရုစလင်နဲ့ဟိုင်ဖာမြို့က ဆန္ဒပြပွဲတွေမှာ တက်ရောက်သူထောင်နဲ့ချီရှိခဲ့ပြီး အစ္စရေး မီဒီယာမှာတော့ လူဦးရေ ၈ သောင်းအထိ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နေတန်ယာဟုရဲ့ လက်ယာစွန်းမဟာမိတ်တွေကို ဖီဆန်တဲ့အနေနဲ့ ပါလက်စတိုင်းအလံ အနည်းငယ်ကို ဗွီဒီယိုမှတ်တမ်းထဲမှာတွေ့ရပါတယ်။ 

နိုင်ငံတော်လုံခြုံရေးဝန်ကြီးဖြစ်သူ အီတာမာ ဘန်ဂဗီရာ ကတော့ ပါလက်စတိုင်းအလံတွေကို သူအနေနဲ့ ဖယ်ရှားချင်ပေမယ့် ရဲတပ်ဖွဲ့ကို ဖြိုခွင်းမှု လုပ်ဆောင်ဖို့ အမိန့်မပေးခင် ရှေ့နေချုပ် သဘောထားကို စောင့်ဆိုင်းနေတာလို့ ဆိုပါတယ်။ 

အသက် ၇၃ နှစ် အရွယ် နေတန်ယာဟုက ဒီပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ လိုက်လျော ညီထွေမှုရှိတယ်လို့ အရိမ်အမြွက်ပြတဲ့အနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၃ ရက်မှာ "နယ်ပယ်အားလုံးက အသံတွေကိုကြားနာပြီး ဂရုတစိုက် ထည့်သွင်းစဉ်းစားခြင်းဖြင့်" ဒီအစီအစဉ်တွေကို အကောင်အထည်ဖော်မယ်လို့ ပြောဆိုခဲ့ပါတယ်။ 

တရားရုံးချုပ်အပေါ် ထောက်ခံသူတွေကလည်း ဒီလိုရန်လိုနေတဲ့ လူအဖွဲ့အစည်းတခုအတွင်း မျှခြေ တခု ယူဆောင်လာပေးနိုင်ဖို့ရာ နည်းလမ်းတခုကို တောင်းဆိုခဲ့ကြပါတယ်။ 

12 hours Ago

January 9, 2020

အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ပါက အပြင်းထန်ဆုံး တုံ့ပြန်မည်ဟု ဝန်ကြီးချုပ် နေတန်ယာဟုပြော

အစ္စရေးနိုင်ငံကို ဘယ်သူကမဆို တိုက်ခိုက်ခဲ့ပါက အပြင်းထန်ဆုံး တုံ့ပြန်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။ “အီရန်စစ်ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို အရင်အပတ်က အမေရိကန်က သတ်ခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးကျူးတယ်၊ ဒါဟာ ရဲတင်းတဲ့ အကွက်ရွှေ့မှုပဲ” လို့ နေတန်ယာဟုက ပြောပါတယ်။  အီရတ်နိုင်ငံထဲက အမေရိကနေစစ်စခန်းကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်အပြီးမှာ ခုလို ပြောလိုက်တာပါ။ အီရန်ဟာ သူ့ရဲ့ ပစ်မှတ်တွေ တိုက်ခိုက်ခံရရင် အမေရိကန်၊ အစ္စရေးနဲ့ သူတို့ရဲ့ မဟာမိတ် နိုင်ငံတွေကို တိုက်ခိုက်မယ်လို့ အစောပိုင်းက ပြောထားပါတယ်။ အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီဟာ ဒေသတွင်းမှာ ဆယ်စုနှစ်ချီပြီး မတည်မငြိမ် ဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့ပြီး ပိုဆိုးတဲ့ ကိစ္စတွေလုပ်ဖို့လည်း စီစဉ်နေခဲ့တယ်လို့ နေတန်ယာဟုက ပြောပါတယ်။ အီရန်ဗိုလ်ချုပ်ကြီး သေဆုံးမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်စစ်စခန်းကို ဒုံးကျည်နဲ့ ပြန်ပစ်တဲ့ကိစ္စကို တိုက်ရိုက် မရည်ညွှန်းပေမယ့် အစ္စရေးဟာ အမေရိကန်ရဲ့ဘေးမှာ ရပ်တည် သွားမယ်လို့လည်း နေတန်ယာဟုက ဂျေရုဆလင်မ် မိန့်ခွန်းမှာ ပြောပါတယ်။  အီရန်ဟာ အစ္စရေးကို ဖျက်ဆီးမယ့် လှုပ်ရှားမှုကို ဦးဆောင်နေတယ်လို့လည်း နေတန်ယာဟုက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
3 years Ago
Up