ယူကရိန်းအာဏာပိုင်တွေဟာ ရုရှားတပ်ဖွဲ့တွေလက်ကနေ ပြန်လည်သိမ်းပိုက်ရရှိတဲ့ အရှေ့မြောက်ပိုင်းက အစ်ဇီယမ်မြို့မှာ ရုပ်အလောင်း ၄၄၀ ကျော် အစုလိုက်အပြုံလိုက် မြှုပ်နှံထားတာကို တွေ့ရှိခဲ့ပြီး ဒါဟာ လအတော်ကြာ သိမ်းပိုက်ထားခဲ့တဲ့ နယ်မြေကျူးကျော်သူတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု အထောက်အထားလို့ ခေါ်ဆိုလိုက်ပါတယ်။
စက်တင်ဘာ ၁၅ ရက်က ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေမှာ လတ်လတ်ဆတ်ဆတ် ရွှံ့မြေထဲက သစ်သားတန်းတွေ၊ နံပါတ်စဉ်တပ်ထားတဲ့ လက်ဝါးကပ်တိုင်တွေကို ပြထားပါတယ်။
ရုရှားတွေ ရှေ့တန်း အမာခံစခန်း လုပ်ခဲ့တဲ့ အစ်ဇီယမ်မှာ ရှာတွေ့ခဲ့တဲ့ အစုလိုက်အပြုံလိုက် သင်္ချိုင်းဟာ ၁၉၉၀ ခုနှစ် ဘော်လကန်စစ်ပွဲတွေ ပြီးကတည်းက ဥရောပမှာ အကြီးမားဆုံး ဖြစ်ပါတယ်။
ရုရှားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ လက်နက်ခဲယမ်းမီးကျောက်တွေကို စွန့်လွှတ်ကာ အဲဒီဒေသကနေ ထွက်ပြေးသွားခဲ့ပြီးနောက်မှာ ယူကရိန်းတပ်တွေက အစ်ဇီယမ်ကို ပြန်သိမ်းပိုက်ခဲ့ပါတယ်။
ရုရှားဟာ သေခြင်းတရားကို နေရာတိုင်းမှာ ချန်ထားခဲ့ပြီး ဒါကို တာဝန်ပြန်ယူပေးရမှာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ညတွင်းချင်း ဗီွဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သတင်းတွေအပေါ် ရုရှားက ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။
အရင်ကလည်း သူ့တပ်တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုသတင်းတွေကို ငြင်းဆိုထားပါတယ်။