အီတလီနိုင်ငံရှိ အစ်တ်နာမီးတောင်ဟာ ဖေဖော်ဝါရီ ၂၁ ရက်က ပြန်လည်နိုးထလာပြီး၊ စစ္စလီကျွန်းရဲ့ ကောင်းကင်ယံ ၁၀ ကီလိုမီတာ (၆ မိုင်) အမြင့်ထိ မီးခိုးလုံးတွေ ထုနဲ့ထည်နဲ့ လွင့်တက်ခဲ့ပြီး ပတ်ဝန်းကျင်ရှိကျေးရွာတွေကို ပြာမှုန့်တွေ ပျံ့နှံ့ခဲ့ပါတယ်။
မီတာ ၃၃၃၀ မြင့်မားတဲ့ ဥရောပရဲ့ အကြီးဆုံးမီးတောင်ဟာ နှစ်တိုင်း မြင်ကွင်းပုံစံ အမျိုးမျိုးကို လုပ်ပြလေ့ရှိတာပါ။
မြေထဲပင်လယ် စစ္စလီကျွန်းပေါ်ကို မီးတောင်ရဲ့ ချော်ရည်တွေ၊ ပြာမှုန့်တွေ လွင့်စဉ်တတ်ပေမဲ့ ဒေသခံတွေကို အန္တရာယ်ပေးမှု နည်းပါတယ်။ အနီးအနားက ကတားနီးယားမြို့ လေဆိပ်ကိုတော့ ခဏပိတ်ထားလိုက်ရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက အစ်တ်နာမီးတောင်ဟာ မငြိမ်မသက် လှုပ်ရှားမှုတွေရှိနေခဲ့တာပါ။