ထိုင်းနိုင်ငံမှာ အမျိုးသမီး၊ အမျိုးသား ၁၁ ဦးအား အဆိပ်ခတ် သတ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ရဲမှူး တယောက်ရဲ့ ဇနီးဟောင်း အဲမ်း M (ခ) ဆရာရဒ် ရန်းဆီဝုဒ်ဖွန်း (အသက် ၃၆ နှစ်)ကို တာဝန်ရှိသူတွေက ဖမ်းထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဧပြီ ၁၄ ရက်နေ့က ရာ့ချ်ပူရီခရိုင် ဘန့်ပုန်မြို့နယ်ထဲမှာ ဆီရီဖွန်း (ခ) ကွဲ့ ( ၃၂ နှစ် ) အရွယ် အမျိုးသမီး၁ ဦးက ဘန့်ပွန်မြစ်ဘေးမှာ ကုသိုလ်ရေးအတွက် ငါးသွားလွှတ်စဉ် ကမ်းစပ်မှာ ရုတ်တရက် လဲကျသေဆုံးသွားခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေ ပြောပြချက်နဲ့ စီစီကင်မရာမှတ်တမ်းတွေအရ အခင်းဖြစ်ချိန်က ကွဲ့ ဆိုသူမှာ M နဲ့အတူတူ အဲဒီနေရာကို ရောက်လာပြီး ကွဲ့က လဲကျသွားတဲ့အခါ M က လူတွေကို အော်ဟစ်အကူအညီတောင်းခဲ့ပေမဲ့ သူကိုယ်တိုင်က လာပြီးမကူတဲ့အပြင် ကားနဲ့အမြန်မောင်းထွက်သွားကြောင်း၊ ကွဲ့တယောက်တည်း ကမ်းစပ်ကိုဆင်းသွားစဉ် သူက ကားအပေါ်မှာ ဂနာမငြိမ်ဖြစ်နေတာကို မသင်္ကာဖွယ် တွေ့ခဲ့ပါတယ်။
ကွဲ့နဲ့ M ဟာ ချဲထီကိစ္စနဲ့ သိကျွမ်းတာမကြာသေးဘဲ M ဟာ ကွဲ့ဆီကနေ ဘတ်ငွေ ငါးသောင်းချေးငှါးခဲ့သလို ကွဲ့သေဆုံးတဲ့နောက် အိုင်ဖုန်းနဲ့ လက်ဝတ်လက်စားတချို့ပါ ပျောက်ဆုံးနေကြောင်း၊ ဆေးစစ်ချက်အရ ကွဲ့ဟာ ရုတ်တရက် နှလုံးသွေးရပ်ပြီး သေဆုံးသွားတယ်ဆိုပေမယ့် သူဟာ ဒီမတိုင်ခင်က ဘာရောဂါမှမရှိဘဲ ကျန်းမာရေးကောင်းမွန်နေလို့ မိသားစုဝင်တွေက M ပေါ် သံသယရှိဝင်ပြီး ဖြစ်ရပ်မှန်စုံစမ်းပေးဖို့ ရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။
ဒီလဆန်း ၁ ရက်နေ့ကလည်း ဒုရဲအုပ်အဆင့်ရှိ နိဖားဆဲန်ကျန် (ခ) ဆာလဝပ်ပူ ဆိုသူ ရဲမေ တဦးဟာ M နဲ့အတူ နခွန်းပုထုန်မှာ ဘုရားဖူးသွားရင်း စေတီဝင်းထဲမှာ ထိုင်နေစဉ် ရုတ်တရက် နှလုံးသွေးရပ် သေဆုံးသွားခဲ့ပါတယ်။ M ဟာ လဲကျသွားတဲ့ ရဲမေကို လုံးဝ ပွေ့ထူခြင်းမရှိဘဲ အနားကလူတွေကိုသာ အော်ဟစ်အကူအညီတောင်းခဲ့ပြီး အဲဒီ နေရာကနေ အရင်ထွက်ခွာသွားခဲ့ပါတယ်။ ရဲမေ မဆုံးခင်က M ကို ဘဏ်ကနေ ငွေ ၁ သိန်း ၄ သောင်းလွှဲထားပြီး သူမ လဲမကျခင်ရှိနေတဲ့ ငွေ တသောင်းကျော် ပျောက်ဆုံးနေတာကို ရဲတပ်ဖွဲ့က ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။
ဒီသတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် M နဲ့အတူ လိုက်သွားရာက ရုတ်တရက် လဲကျသေဆုံးခဲ့ရသူရဲ့ ကျန်ရစ်သူဆွေမျိုးတွေကလည်း အလားတူဖြစ်ရပ်မျိုးကြုံခဲ့ ရကြောင်း ရဲစခန်းကို အကြောင်းကြားခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၁ မှ ဒီနှစ် ဧပြီ ၂၅ ရက်အထိ ၂ နှစ်ကျော်အတွင်း M နဲ့ ပတ်သက်ပြီး ရုတ်တရက်လဲကျသေဆုံးရသူ ၁၀ ဦးရှိသွားပြီဖြစ်ကာ အမျိုးသမီး ၁ ဦးကတော့ အော့အန်မေ့မြောသွားရာက မသေဘဲ သတိပြန်လည်လာခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆုံးသေဆုံးခဲ့သူ ကွဲ့ ရဲ့အလောင်းကို ဆေးရုံက စစ်ဆေးရာမှာ သွေးထဲမှာ ဆိုင်ယာနိုက် အဆိပ်ဓာတု ပစ္စည်းတမျိုး တွေ့ရှိပြီး M နဲ့ဆက်စပ်တဲ့ နေအိမ်တလုံးရဲ့ နောက်ဖေးကနေလည်း ဆိုင်ယာနိုက်ဓာတုဆေးပုလင်းတွေ့ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းရာဇဝတ်မှုနှိမ်နင်းရေးဗဟိုရဲတပ်ဖွဲ့က M ကို ဖမ်းဝရမ်းထုတ်လိုက်ပြီး ဧပြီ ၂၅ ရက် မှာတော့ သူ့ကို ဘန်ကောက် ကျဲန့်ဝပ်ထနနယ်မြေထဲမှာ ဖမ်းဆီးလိုက်ပါတယ်။
ဒီအမှုကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်း ကိုယ်တိုင် ကိုင်တွယ် စစ်ဆေးနေပြီး မနေ့က စစ်ဆေးချက်အရ သေဆုံးသူ/သတိလစ်သူတွေနဲ့ သိကျွမ်းခဲ့တယ်လို့ M က ဝန်ခံပေမဲ့ အဆိပ်ခတ်တာ ၊ ရွှေငွေဥစ္စာပစ္စည်း ယူဆောင်တာတော့ ဝန်မခံဘဲ ငြင်းဆိုနေတုန်းပဲလို့ ဒုရဲချုပ်က သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ ၁၁ ဦးဟာ M နဲ့ ငွေရေးကြေးရေးပတ်သက်နေပြီး အကြွေးရှင်နဲ့ ချဲဒိုင်လုပ် ဖို့ရင်းနှီးမြှုပ်နှံသူတွေဖြစ်ကြောင်း၊ အဓိကမှာ အကြွေးမဆပ်ချင်လို့၊ ပစ္စည်းဥစ္စာလိုချင်လို့ ကျူးလွန်တယ်လို့ ယူဆကြောင်း၊ သက်ရှိ သက်မဲ့သက်သေတွေအရ ကျူးလွန်တယ်ဆိုတာ သေချာသလောက်ရှိပြီး လောလောဆယ် တပါးသူအားသေစေလိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ကြံမှု၊ ဥစ္စာပစ္စည်း ရယူလိုမှုတွေနဲ့ အမှုဖွင့်ထားကြောင်း၊ ဂိုဏ်းဖွဲ့ကျူးလွန်သလား၊ နောက်ကွယ်မှာ ကြိုးကိုင်သူရှိသလား စတာတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ဒုရဲချုပ်က ပြောသွားပါတယ်။
သူ့ခင်ပွန်းဖြစ်သူ ရာ့ချ်ပူရီ-ဘန့်ပုန်နယ်မြေရဲတပ်ဖွဲ့ ဒုရဲမှူးကြီးကတော့ M နဲ့ သူဟာ တရားဝင်ကွာရှင်းထားတာ ၂ နှစ်ကျော်ပြီလို့ ပြောပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ ကတော့ လိုအပ်တာတွေ စစ်ဆေးဖို့ အဆိုပါဒုရဲမှူးကို ခေတ္တရွှေ့ပြောင်းထားပါတယ်။
M ဟာ လောလောဆယ် ကိုယ်ဝန် ၄ လ ဆောင်ထားပြီး ကလေးအဖေ ( M ရဲ့ နောက်ယောက်ျား) တေ့ ဆိုသူမှာလည်း ပြီးခဲ့တဲ့ မတ်လကပဲ ရုတ်တရက် လဲကျသေဆုံးခဲ့ပါတယ်။ တေ့ရဲ့ ရွှေထည်ပစ္စည်းနဲ့ ငွေတွေကို M ကပဲသိမ်းယူထားပြီး သူ့ယောက္ခမတွေကတော့ သူတို့သား သေဆုံးရတဲ့အပေါ် M ကို မသင်္ကာကြောင်း အခုကျမှ ရဲကို တိုင်ကြားလာပါတယ်။
M ရဲ့ အဆိပ်ခတ်ခံရတယ်လို့ ယူဆရသူ ၁၁ ဦးမှာ ကန်ကျနပူရီ၊ နခွန်းပထုန်၊ ရာ့ချ်ပူရီ ၊ ဥဒွန်းဌာနီ စတဲ့ခရိုင်တွေကဖြစ်ပြီး အမျိုးသား ၂ ဦး အမျိုးသမီး ၉ ဦးပါပါတယ်။
အမျိုးသား ၂ ဦးမှာ ၁ ဦးက M ရဲ့ကျောင်းနေဖက် ငယ်သူငယ်ချင်းဖြစ်ပြီး တဦးကတော့ သူရဲ့ ခင်ပွန်းတို့ဖြစ်ပါတယ်။ အမျိုးသမီး ၉ ဦးထဲမှာ ဒုရဲအုပ်အဆင့်နဲ့ ရဲတပ်ကြပ်အဆင့် ရဲမေ ၂ ဦးပါပြီး ကျန်သူတွေမှာ ရဲအသိုင်းအဝိုင်းနဲ့ အွန်လိုင်းကနေ သိကျွမ်းသူ၊ ချဲဒိုင်အစုစပ်တွေ ပါပါတယ်။ သူတို့တွေဟာ M ရဲ့ မြီရှင်တွေဖြစ်ပြီး သေဆုံးတဲ့နောက် ငွေပေါင်း သောင်းဂဏန်းမှ သိန်းဂဏန်းထိ နဲ့ ရွှေထည်ပစ္စည်း ၊ တယ်လီဖုန်းတွေပါ ဆုံးရှုံးခဲ့ပါတယ်။ မသေခင်က M နဲ့အတူ စားသောက်ဆိုင်မှာ၊ အလည်အပတ်နဲ့ ဘုရားဖူးသွားခဲ့တာတွေရှိပြီး အတူစားသောက်တာတွေရှိခဲ့ကာ မကြာခင် ရုတ်တရက် အသက်ရှူကြပ် နှလုံးသွေးရပ်၊ ဦးနှောက်သွေးကြောပြတ် သေဆုံးသွားကြပါတယ်။
အမှုမဖြစ်ခင်ကတော့ သေဆုံးသူ ကာယကံရှင် မိသားစုတွေက သက်သေ အထောက်အထားမရှိလို့ အမှုမဖွင့်ရဲဘဲ သံသယနဲ့သာ နေခဲ့ကြတယ်လို့ ဆိုပါတယ်။
အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့ မိန်းကလေး ၁ ဦးက သူဟာ M နဲ့အတူ ထမင်းစားပြီးတဲ့နောက် ရုတ်တရက် မူးဝေအော့အန်ပြီး သတိလစ်သွားကြောင်း၊ ကံအားလျော်စွာ ပတ်ဝန်းကျင်ရှိလူတွေက အနီးက ဆေးခန်းကိုခေါ်သွားလို့ အသက်ဘေးက လွတ်ခဲ့တယ်၊ အဲဒီနောက်ပိုင်း M နဲ့ ခပ်ခွာခွာနေခဲ့ပြီး ခြိမ်းခြောက်ခံရတာလည်း ရှိတယ်လို့ ရဲစခန်းမှာ သက်သေအနေနဲ့ လာရောက်ထွက်ဆိုထားပါတယ်။
M ကတော့ သတင်းထောက်တွေ မေးတာကို ဘာမှမဖြေကြားခဲ့ပါဘူး။ သူငှါးရမ်းထားတဲ့ ရှေ့နေအမျိုးသမီးကတော့ M ဟာ ကိုယ်ဝန်ဆောင်ဖြစ်ပြီး သွေးတိုးရောဂါလည်းရှိလို့ သူ့ကို စိတ်ဖိစီးအောင်မလုပ်နဲ့လို့ သတင်းထောက်တွေကို မေတ္တာရပ်ခံထားပါတယ်။
သူ့အမှုသည်ဟာ လူသတ်မှု မကျူးလွန်ဘူးဆိုတာကို ဥပဒေဘောင်ကနေ ချေပရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။ M ကို အာမခံနဲ့ ပြန်ထုတ်ဖို့ ငွေ ၁၀ သိန်း ယူဆောင်ခဲ့ပေမယ့် ဒုရဲချုပ်ကတော့ တရားခံဟာ ပြင်ပမှာ အရေးကြီးသက်သေတွေ ဖျောက်ဖျက်မှာစိုးတာကြောင့် အာမခံပေးဖို့ ပယ်ချလိုက်ပါတယ်။
ကိုးကား - Thairath / The Nation / Work Point News / Ch7 News