close

အဆုတ်အစားထိုးကုသ

close

April 19, 2023

စပိန်ဆေးရုံတွင် စက်ရုပ်အသုံးပြုပြီး အဆုတ်အစားထိုးကုသ

စပိန်ဆေးရုံတရုံဟာ နံရိုးတွေကိုခွဲထုတ်ပြီး ရင်ဘတ်ကိုဖွင့်ဖို့ မလိုအပ်တော့ဘဲ စက်ရုပ်နဲ့ ရှေ့ဆောင်ရှေ့ပြေး နည်းပညာကို အသုံးပြုထားတဲ့ လမ်းကြောင်းအသစ်နဲ့ အဆုတ်အစားထိုး ကုသမှု ပြုလုပ်ခဲ့ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဘာစီလိုနာမြို့ရှိ ဗားလ်ဒယ်ဘရွန်ဆေးရုံက ခွဲစိတ်ဆရာဝန်တွေဟာ ဒါဗင်ချီလို့ အမည်ပေးထားတဲ့ လက်တံ ၄ ခုပါ စက်ရုပ်ကို အသုံးပြုပြီး ပျက်စီးနေတဲ့အဆုတ်ကို ဖယ်ရှားပြီးတော့ ရင်ဘတ်ရိုးရဲ့ အောက်ပိုင်း၊ ရင်ဝမ်းတားကြွက်သားရဲ့ အထက်ပိုင်းရှိ ၈ စင်တီမီတာ ခွဲစိတ်မှုကနေတဆင့် အဆုတ်အသစ်တခုကို ထည့်သွင်းဖို့ လူနာရဲ့ အရေပြား၊ အဆီနဲ့ ကြွက်သားတွေပါရှိတဲ့ အစိတ်အပိုင်းငယ်တခုကို ဖြတ်တောက်ခဲ့ပါတယ်။

ခွဲစိတ်မှုအသစ်ဟာ လူနာအတွက် နာကျင်မှုနည်းပါးပြီး ဒဏ်ရာကလည်း အလွယ်တကူ ပိတ်နိုင်တာကြောင့် ၃၀ စင်တီမီတာရှိတဲ့ ခွဲစိတ်မှုနဲ့ အလွန်ဂရုတစိုက် အသေးစိတ်ရတဲ့ ခွဲစိတ်ပြီးချိန်ကာလ လိုအပ်တဲ့ သမားရိုးကျနည်းလမ်းထက် ပိုဘေးကင်းတယ်လို့ ဆိုပါတယ်။

အခုချိန်ထိ အဆုတ်ကင်ဆာကို ကုသဖို့သာ အသုံးပြုခဲ့တဲ့ ရှေ့ဆောင်လုပ်ထုံးလုပ်နည်းကို အဆုတ်အစားထိုးကုသဖို့ လိုအပ်တဲ့ အသက် ၆၅ နှစ်အရွယ် ဇာဗီယာ အမည်ရှိ လူနာကို ပထမဆုံး လုပ်ဆောင်ကုသခဲ့တာပါ။

စပိန်ဟာ ၂၀၂၂ ခုနှစ်မှာ ပျမ်းမျှအလှူရှင် ၇ ဦးနဲ့ အစားထိုးကုသမှု ၁၅ ခုတို့နဲ့ ကိုယ်တွင်းအင်္ဂါ အစားထိုးခြင်းဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်နိုင်ငံဖြစ်ကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

11 mins Ago

June 15, 2020

ကိုဗစ်-၁၉ ကြောင့် လူနာ၏ ပျက်စီးခဲ့သည့်အဆုတ်ကို ချီကာဂိုဆရာဝန်များ အစားထိုးကုသ

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့ နော့သ်ဝက်စ်တန်ဆေးရုံက ဆရာဝန်တွေဟာ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် အဆုတ် နှစ်ဖက်လုံး ဆိုးဆိုးရွားရွား ထိခိုက်သွားတဲ့ အမျိုးသမီးရဲ့ အဆုတ် နှစ်ဖက်စလုံးကို အစားထိုး ခွဲစိတ်ကုသပေးခဲ့ပါတယ်။  ဒါဟာ အမေရိကန်မှာ ပထမဆုံးဖြစ်ရပ်လို့ ဆရာဝန်တွေက ယုံကြည်ကြပါတယ်။  အသက် ၂၀ ကျော်အရွယ် လူနာအမျိုးသမီးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ သူ့အဆုတ် နှစ်ဖက်လုံး ပျက်စီးတဲ့အတွက် နှလုံး နဲ့ တခြား ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ အောက်စီဂျင် လုံလောက်အောင် မရနိုင်ခဲ့ပါဘူး။  သူဟာ အသက်ရှူ အားကူစက်ကို မှီခိုရင်း သီတင်းပတ် ခြောက်ပတ် နေခဲ့ရပါတယ်။ ခွဲစိတ်နေချိန်မှာတော့ နှလုံး၊ အဆုတ်တို့လို အလုပ်လုပ်တဲ့စက်ကို တပ်ထားခဲ့ရတာပါ။ ECMO စက်ဟာ ခန္ဓာကိုယ်ထဲက အောက်စီဂျင်နည်းနေတဲ့ သွေးကိုယူပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို သွေးထဲက ဖယ်ထုတ်ရင်း အောက်ဆီဂျင် ပြန်ပေးထားတဲ့ သွေးကို ခန္ဓာကိုယ်ထဲ ပြန်စီးဆင်းစေပါတယ်။  အဆုတ်နှစ်ဖက်လုံး အစားထိုးကုသပြီးချိန် လူနာဟာ အထူးကြပ်မတ် ကုသဆောင်ထဲမှာ နေရပြီး အပြည့်အဝ နာလန်ထလာမယ်လို့ ခွဲစိတ်ဆရာဝန်အဖွဲ့ ခေါင်းဆောင်က မျှော်လင့်ထားပါတယ်။  အမေရိကန်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ အတည်ပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၂၁၆၀,၀၀၀ ကျော် ရှိပြီး ကူးစက်ခံ ၁၁၇,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 
3 years Ago
Up