လာမယ့် ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဖြစ်တယ်လို့ NUG ရဲ့ ပြောဆိုချက်ဟာ ထင်သလောက်လွယ်လွယ် မဖြစ်နိုင်သေးဘူးလို့ မြေပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ လက်တွေ့ ရင်ဆိုင်တိုက်ခိုက်နေကြရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး အဆုံးသတ်တိုက်ပွဲအတွက် အဆုံးဖြတ်နှစ်အဖြစ် လာမယ့်နှစ်ကို သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေက အောက်တိုဘာ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ကြေညာထားတာပါ။
နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာသံတမန်ရေး၊ ပြည်သူနဲ့ထိတွေ့ဆက်ဆံရေး စတဲ့ မျက်နှာစာ ၆ ခုဖွင့်ပြီး စစ်ကောင်စီကို ထိုးနှက်သွားမယ်လို့ ဆိုထားပေမဲ့ တော်လှန်ရေး အချိန်တနှစ်အတွင်း အောင်ဖို့ဆိုတာ လက်ရှိ အခင်းအကျင်းနဲ့တော့ မသေချာဘူးလို့ ဆားလင်းကြီးမြို့နယ် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့တာဝန်ရှိသူက သုံးသပ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြန့်ကျဲနေတဲ့ အဖွဲ့တွေကို စုစည်းနိုင်ဖို့၊ လက်နက်တွေ အမြန်တပ်ဆင်ပေးဖို့၊ မြို့နယ်အဆင့်မှာ တကယ်အလုပ်လုပ်တဲ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို အစားထိုးခန့်အပ်ဖို့စတဲ့အချက်တွေကို လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း ထောက်ပြပါတယ်။
ဆားလင်းကြီးမြို့နယ်က တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့ခေါင်းဆောင် စွမ်းသူမောင်က "လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေမှာ လက်နက်အားက အရမ်းအားနည်းပါတယ်။ ရှိတဲ့အဖွဲ့က ရှိတယ်၊ မရှိတဲ့အဖွဲ့က မရှိဘူး။ ဒီပုံစံအတိုင်းသာ သွားမယ်ဆိုရင် အခုလက်နက်တပ်ဆင်မှုကလည်း အားနည်းသလို မြို့နယ်တွေမှာ ထိန်းချုပ်မှုကလည်း အရမ်းအားနည်းနေတဲ့အတွက် တနှစ်အတော အတွင်း အောင်မြင်ဖို့ ဆိုတာကတော့ မသေချာပါဘူး။ လက်နက်ကိုင်တွေအနေနဲ့ သွားမယ်ဆိုရင် တနှစ်အတွင်း နိုင်ခြေက ၇၀ ရာခိုင်နှုန်းမှာ မသေချာပါဘူး။"
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ချင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေသလို လတ်တလောမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနဲ့ ချင်းပြည်နယ်၊ ပလက်ဝနယ်မြေတွေမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
တော်လှန်ရေးမြန်မြန်အောင်ဖို့လိုပြီး တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ပြတဲ့နည်းလမ်းနဲ့ ပြည်သူတွေရဲ့အားပေး ထောက်ခံမှုကို ရယူနိုင်မယ်လို့ မင်းတပ် ပအဖ တာဝန်ခံ ကိုယောမန်က သုံးသပ်ပါတယ်။
"ဒီပုံစံနဲ့ရှေ့ဆက်ကြရင်တော့ ခက်ခဲသထက် ခက်ခဲလာဖို့ပဲ များတယ်။ တော်လှန်ရေးက မြန်မြန်ပြီးမှဖြစ်မယ်။ ဒါပေမဲ့ သန်းခေါင်ထက်ညမနက်တော့ဘူးဆိုတော့ ခက်ခဲမယ်ဆိုလည်း ခက်ခဲပါစေ။ မြို့သိမ်းတိုက်ပွဲတွေလိုမျိုး တော်လှန်ရေးအရှိန်မြှင့်လာဖို့ အားလုံးက မျှော်လင့်နေကြ တာ။ တော်လှန်ရေးအရှိန်မြှင့်လာတာနဲ့အမျှ ခက်ခဲတယ်ဆိုလည်း ပြည်သူတွေအနေနဲ့ နားလည် နိုင်တယ်။ သူတို့ရဲ့အခက်အခဲတွေလည်း တော်လှန်ရေးမှာ ပါဝင်ချင်လို့ အားလုံး ခံယူကြတာပေါ့။"
ရခိုင်ပြည်မှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်(အေအေ) တို့ရဲ့ တိုက်ပွဲတွေဟာ တနေ့တခြားပြင်းထန်လာပြီး နှစ်ဖက်စလုံးက အလျှော့ပေးမယ့်လက္ခဏာ မရှိတဲ့အတွက် ပြည်သူတွေဟာ မြေဇာပင် ဖြစ်နေရတယ်လို့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ အကူအညီ ပေးနေတဲ့ တင်းမဆရာတော်က မိန့်ပါတယ်။
အမှန်တကယ်ကြိုးစားရင် မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆိုပေမဲ့ လက်တွေ့မှာတော့ ပြောသလောက် မလွယ်ဘူးလို့ တင်းမဆရာတော်က မိန့်ပါတယ်။
"မြန်မာနိုင်ငံမှာ ဟိုကလည်း စစ်တပ်။ စစ်တပ်က အင်အားကြီးမားတယ်။ အင်အားကြီးမားတော့ လူထုထောက်ခံတာ မထောက်ခံတာ အသာထားဦး။ တော်လှန်ရေးအဖွဲ့အစည်းတွေက တော်လှန် တိုက်ခိုက်တယ်။ တနှစ်အတွင်း ပြတ်မယ်ဆိုတဲ့ဟာတွေကတော့ လွယ်တော့ မလွယ် လောက်ဘူး လို့ ထင်တယ်။ ဒါပေမဲ့လည်း လုပ်လို့ ရှိရင်တော့ ကြိုးစားလို့ရှိရင်တော့ မဖြစ်ဘူးဆိုတာ တော့မရှိပါဘူး။ လွယ်လွယ်လေးနဲ့ဖြစ်မယ်ဆိုတာတော့ လွယ်တော့မလွယ်ဘူးပေါ့။ အဲ့လို မျိုးဖြစ်လာလို့ရှိရင်တော့ လူထုတွေမှာ မြေဇာပင်ဖြစ်မှာပေါ့လေ။ အကုန်လုံး ဒုက္ခရောက်ကြမှာပဲ။ ဒါပေမဲ့ နိုင်ငံရေးကို နိုင်ငံရေးအရအဖြေရှာပြီးတော့ ပြည်သူလူထု ထိခိုက်မှုမရှိအောင် စကားဝိုင်းမှာ ညှိနှိုင်းပြီးတော့ အဖြေရှာမယ်ဆိုရင်တော့ ကောင်းတာပဲလေ။ အဲလိုမျိုးမဖြစ်အောင် နည်းလမ်းကနေပြီးတော့ ရှာလို့ရပါတယ်"
ချင်းပြည်နယ် မြို့နယ် ၉ ခုမှာ နေထိုင်တဲ့ ပြည်သူ ခန့်မှန်းခြေ ၅ သိန်းကျော်ရှိနေပြီး အဲ့ဒီထဲက အများစုဟာ စစ်ဘေးဒဏ်၊ ရာသီဥတုဒဏ်၊ စားနပ် ရိက္ခာနဲ့ ဆေးဝါးရှားပါးတဲ့ ဒဏ်တွေကို ခံနေရပါတယ်။
အလားတူပဲ စစ်ကိုင်းတိုင်းမှာစစ်ဘေးသင့်နေတဲ့ သိန်းနဲ့ချီတဲ့ပြည်သူတွေဟာလည်း အသက်ရှင် ရပ်တည်ဖို့ ခက်ခဲနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေကတော့ စစ်အာဏာရှင်ပြုတ်ကျရေး အားလုံး ဝိုင်းရုန်းကြဖို့ တိုက်တွန်းထားပြီး မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီက သူတို့ ရည်ရွယ်ချက်အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုပ်ဆောင်နေပြီး NUG ကလည်း မဖြစ်အောင် မပျက်ပျက်အောင် ဖျက်မယ်လို့ ကြေညာထားသလို နိုင်ငံတကာမှာ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုခံရဖို့လည်း နည်းလမ်းစုံ အသုံးပြုကြိုးပမ်းနေပါတယ်။
စစ်ကောင်စီလေယာဉ်တွေကို ပစ်ချနိုင်စွမ်းရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေကို နေရာတချို့မှာ တပ်ဆင်ထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပြည်သူ့ခုခံတော်လှန်စစ် တနှစ်ပြည့် အခြေအနေတွေကို ပြန်လည်သုံးသပ်တာနဲ့ ရှေ့ဆက်သွားမယ့်လုပ်ငန်းတွေကိုပြည်သူတွေကို ရှင်းလင်တင်ပြတဲ့အနေနဲ့ အောက်တိုဘာ ၇ ရက်က အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲကျင်းပရာမှာ ပြောကြားသွားတာဖြစ်ပါတယ်။
ပြည်သူတွေစိတ်ဝင်စားနေတဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ NUG မှာ ရှိနေပြီလားဆိုတဲ့ မေးခွန်းအတွက် လက်နက်တချို့ရှိနေပြီဖြစ်သလို တပ်ဆင်ထားပြီးဖြစ်တယ်လို့ NUG တာဝန်ရှိသူတွေ ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က "တိတိကျကျပြောရရင်တော့ ကျနော်တို့က ပြည်သူလူထုကို ကာကွယ်ရမယ့် အနေအထားလည်းရှိတယ်။ ထို့အတူပဲ ကျနော်တို့ဆီမှာ ဒီလေကြောင်းရန်ကို ကာကွယ်ဖို့အတွက်ပစ္စည်းရှိသလားဆိုတော့ ရှိတာပေါ့ဗျာ။ ရှိတာပေါ့။ ဒါပေမဲ့ ဘယ်နေရာတွေမှာရှိသလဲဆိုတာတော့ နေရာတိုင်းမှာတော့ မရှိဘူး။ တချို့နေရာတွေမှာတော့ရှိတယ်။ အေးရှိလို့ အဲ့ဒီနေရာနဲ့လာတိုးရင်တော့ ကျနော်တို့ကတော့ ပစ်ချမှာပဲ။ ဒါပွင့်ပွင့်လင်းလင်းပြောတာ။ လူထုကိုလေကြောင်းကနေလာပြီး ဒုက္ခပေးနေတယ်။ ဒါဟာ လူထုကိုအကာအကွယ်ပေးဖို့ဖြစ်တယ်ဆိုတာ ကျနော်တို့တိတိကျကျနားလည် ထားဖို့လိုတယ်။"
လေကြောင်းရန်ကာကွယ်နိုင်ဖို့ PROJECT DRAGONFLY စီမံချက်ကိုစတင်အ ကောင်အထည်ဖော်နေပြီး စနစ်တကျစီမံဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဩဂုတ် ၉ ရက်နေ့မှာ ကြေညာထားသလို Drone တွေနဲ့လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေထုတ်လုပ်ဖို့ Project Sky Work ကိုလည်း စတင်နေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီလေယာဉ်တွေကို အခုအချိန်အထိ ပစ်ချနိုင်တာမရှိသေးတဲ့အပေါ် ပြည်သူတွေက ဝေဖန်နေကြသလို အခုလို လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ရှိတဲ့ အကြောင်း ထုတ်ဖော်ပြောကြားတဲ့အပေါ်မှာလည်း ဝေဖန်နေကြတာဖြစ်ပါတယ်။
NUG သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်ကတော့ NUG က လက်နက်တွေကို ပြည်ပကမှာယူတင်သွင်းထောက်ပံ့နေသလို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ နည်းပညာတွေလည်းရရှိထားတယ်လို့ ပြောပါတယ်။
"လေယာဉ်ပစ်လက်နက်ကြီးတွေဝယ်ဖို့ဆိုတာ ကမ္ဘာမှာ တရားဝင်ဝယ်ဖို့ဆိုတာ အားလုံ းသိတဲ့ အတိုင်းပဲ။ ဒါပေမဲ့ ကျနော်တို့မှာ ရဟတ်ယာဉ်လိုဟာမျိုးကို ပစ်ချနိုင်တဲ့လက်နက်မျိုးမရှိဘူးလား မေးလာကြတာရှိတယ်။ ကျနော်တို့မှာ ထိုက်သင့်တဲ့လက်နက်ကိရိယာ၊ ထိုက်သင့်တဲ့ တချို့နေရာတွေမှာ ပြင်ဆင်ထားပြီဆိုတာ ပြောကြားချင်ပါတယ်။ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ကာကွယ်ရေးပေါင်းစုံကနေ ကျနော်တို့လုပ်သွားမယ်။"
လက်တွေ့မြေပြင်မှာတော့ PDF တွေရဲ့ ဒရုန်းတွေကို စစ်ကောင်စီတပ်က အဆင့်မြင့်လက်နက်သုံးပြီး ပြန်လည်ပစ်ချဖျက်ဆီးနေတာကြောင့် ရန်ပုံငွေအခက်အခဲရှိလာပြီး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အခြေစိုက် ဒရုန်းတပ်ဖွဲ့ ၇ ဖွဲ့ ဟာ စက်တင်ဘာ ၂၉ ရက်နေ့မှာ စစ်ဆင်ရေးယာယီရပ်နားကြောင်း ကြေညာထားပါတယ်။
NUG က ဩဂုတ်လထဲမှာ စစ်ကိုင်းဒေသခံ ဒရုန်းတပ်ဖွဲ့ခေါင်းဆောင်တချို့နဲ့တွေ့ဆုံခဲ့ပြီး အကူအညီတွေပေးဖို့လည်း အတည်ပြုခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA တာဝန်ရှိသူ ဗိုလ်နဂါးကပြောပါတယ်။
"လေကြောင်းရန်နဲ့ပတ်သက်ပြီးတောင့်ခံဖို့ ကျနော် မစဉ်းစားချင်ဘူး။ ကျနော်တို့က နိုင်အောင်တိုက်မယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေ။ ကျနော်တို့က တောင့်ခံရုံဆိုတဲ့အဆင့်နဲ့ကို မကျေနပ်ဘူး။ စစ်ကောင်စီကလေကြောင်းကို အသုံးပြုပြီးစစ်ရေးကို အသာစီးယူနေတယ်။ ကျနော်တို့ကဒီလေကြောင်းကို ဘယ်လိုတုံ့ပြန်တိုက်ခိုက်မလဲဆိုတာပဲ စဉ်းစားချင်တယ်။ ဒါကလည်း သိပ်ခက်ခဲတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ ကျနော်တို့မှာ အစိုးရရှိတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရှိတယ်။ မြေပြင်မှာလည်း ထိုက်သင့်စွာစွမ်းဆောင်နိုင်တဲ့သူတွေရှိတယ်။ ကျနော်တို့ကတောင့်ခံဖို့ဆို တာထက် တုံ့ပြန်တိုက်ခိုက်ချေမှုန်းဖို့ ဆိုတာပဲ စဉ်းစားစေချင်တယ်။"
စစ်ကောင်စီဘက်ကလည်း စက်တင်ဘာလဆန်းပိုင်းကစပြီး ဒရုန်းပစ် အဆင့်မြင့်လက်နက်တွေကို ဝယ်ယူနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီး ဒရုန်းတိုက်ခိုက်မှုတွေကိုကာကွယ်ဖို့ အရေးကြီးတဲ့နေရာတွေမှာ Anti Drone Gun တွေ တပ်ဆင်နေပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၀ ရက်က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
NUG ဘက်က လက်နက်တွေဝယ်ပြီး PDF တွေကို ထောက်ပံ့နေသလို ကိုယ်ပိုင်ထုတ်လုပ်ဖို့ နည်းပညာတွေရထားပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က အခုလို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးရဲ့ ပြီးခဲ့တဲ့ကာလဟာ လိုအပ်တဲ့ အခြေခံအုတ်မြစ်ကို ဖြည့်ဆည်းတည်ဆောက်ခဲ့ရတဲ့ ကာလဖြစ်ပြီး လာမယ့်တနှစ်တာကာလဟာ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် နှစ်အဖြစ်ခံယူထားတယ်လို့ အောက်တိုဘာ ၇ ရက်က NUG က ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်တနှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံတင်ပြချက်မှာ ဖော်ပြထားပါတယ်။
ရန်သူကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ ဘက်ပေါင်းစုံကနေ ဟန်ချက်ညီညီထိုးနှက်ကာ ထိုးစစ်ဆင်မယ့် စီမံချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ပြင်ဆင်ချမှတ်ထားပြီးဖြစ်ကြောင်း လာမယ့် တနှစ်တာအရေးအကြီးဆုံးကာလကို ‘အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်’ အဖြစ် သန္နိဋ္ဌာန်ချမှတ်ပြီး တော်လှန်ရေးအင်အားစုတွေအားလုံး မလျှော့သောဇွဲလုံ့လနဲ့ ကြံ့ကြံ့ခံပြီး တသံတည်းညီပြီး တချီတည်းရုန်းကြဖို့ အချိန်ကျပြီလို့လည်း NUG က တိုက်တွန်းထားပါတယ်။