close

အဏုမြုဗုံးကြဲချမှု

close

August 6, 2022

အဏုမြုဗုံးကြဲချမှု ၇၇ နှစ်မြောက်အထိမ်းအမှတ် ဟီရိုရှီးမားမြို့တွင် ကျင်းပ

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ သြဂုတ် ၆ ရက်က ကမ္ဘာ့ပထမဆုံး အဏုမြူဗုံးကြဲချမှု ၇၇ နှစ်မြောက် အထိမ်းအမှတ်အဖြစ် မြို့လယ်ခေါင်ရှိ ငြိမ်းချမ်းရေးပန်းခြံမှာ ခေါင်းလောင်းထိုး ကျင်းပခဲ့ပါတယ်။

၁၉၄၅ ခုနှစ် မကုန်ခင်မှာ လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေဆုံးခဲ့ရတဲ့ ဗုံးခွဲမှု နှစ်ပတ်လည်အခမ်းအနားကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် အပါအဝင် တာဝန်ရှိသူတွေအပြင် ထောင်နဲ့ချီတဲ့ ပြည်သူတွေလည်း အခမ်းအနားကို ပူးပေါင်းပါဝင် တက်ရောက်လာခဲ့ပါတယ်။  

ဟီရိုရှီးမားကို လာမယ့်နှစ်မှာ ကျင်းပမယ့် ဂျီဆဲဗင်း ထိပ်သီးအစည်းအဝေးနေရာအဖြစ် ရွေးချယ်ထားတဲ့ ၀န်ကြီးချုပ် ဖူမီယို ခိရှိဒါ့ က နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ဖို့ ကမ္ဘာကို တောင်းဆိုခဲ့ပါတယ်။ 

“အခုဆိုရင် နျူကလီးယားလက်နက် အသုံးပြုမှုဟာ တကယ့်ပြဿနာဖြစ်လာပါပြီ။ နျူကလီယား လက်နက် သုံးစွဲမှုကြောင့် ကြောက်စရာဖြစ်ရပ်ဆိုးတွေကို ဘယ်တော့မှ ထပ်မလုပ်ကြဖို့ ဟီရိုရှီးမားမြို့ကနေ ကမ္ဘာ့ပြည်သူတွေကို ကျယ်ကျယ်လောင်လောင် မေတ္တာ ရပ်ခံ ချင်ပါတယ်” လို့ ပြောသွားပါတယ်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ရုရှားက ယူကရိန်းကို ကျူးကျော်လာပြီးနောက် လက်နက် ပြိုင်ဆိုင်မှုအသစ်ကို သတိပေးလိုက်ပါတယ်။ 

“နျူကလီးယားလက်နက် ၁၃,၀၀၀ နီးပါးဟာ ကမ္ဘာတဝှမ်းက လက်နက်တိုက်တွေမှာ ရှိနေပါတယ်။ ပြင်းထန်တဲ့နူကလီးယားအကြောင်း တိုးတိုးတိတ်တိတ်အသံတွေနဲ့ အကျပ်အတည်းတွေက ခပ်မြန်မြန်ကို ပျံ့နှံ့လာနေပြီး အရှေ့အလယ်ပိုင်းကနေ၊ ကိုရီးယားကျွန်းဆွယ်အထိ၊ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့အထိ ပျံ့လာနေတယ်” လို့ ဂူးတားရက်စ်က ပြောပါတယ်။ 

၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက် မနက် ၈ နာရီ ၁၃ မိနစ်မှာ အမေရိကန် B-29 စစ်လေယာဉ် အီနိုလာဂေးဟာ "Little Boy" လို့ နာမည်ပြောင်ပေးထားတဲ့ ဗုံးတလုံးကို ကြဲချပြီး လူဦးရေ ၃ သိန်းခွဲလောက် ရှိတဲ့ ဟီရိုရှီးမားမြို့ကို ချေမှုန်းပစ်ခဲ့တာပါ။ 

နောက်ပိုင်းမှာလည်း ဒဏ်ရာတွေ၊ ဓာတ်ရောင်ခြည်ဆိုင်ရာ ရောဂါဝေဒနာတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ 

သြဂုတ် ၉ ရက်မှာ နာဂါဆာကီကို အမေရိကန်စစ်တပ်က အဏုမြူဗုံးကြဲချမှုကြောင့် လူ ၇၅,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဟီရိုရှီးမားကပ်ဆိုးကြီး ဖြစ်ပါတယ်။ 

နောက် ၆ ရက်အကြာမှာတော့ ဂျပန်နိုင်ငံဟာ လက်နက်ချပြီး ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ခဲ့ပါတယ်။ 

3 hours Ago
Up