အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်ရှိ အတ္တလန္တာမြို့က ဆေးဘက်ဆိုင်ရာ အဆောက်အအုံတခုမှာ မေလ ၃ ရက်က ပစ်ခတ်မှုတခုအတွင်း လူ ၁ ဦးသေဆုံးကာ ၃ ဦးကို ဆေးရုံတင်ထားရတယ်လို့ ရဲတပ်ဖွဲ့က တွစ်တာပေါ်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲနောက်ပိုင်း မြို့လယ်ခေါင်နေရာမှာ ဒီသေနတ်သမားကို ရဲတပ်ဖွဲ့က တုံ့ပြန်ဆောင်ရွက်ခဲ့တယ်ဆိုပြီး အတ္တလန္တာရဲဌာနအနေနဲ့ တွစ်တာပေါ်မှာ ပြောပါတယ်။
“ဒီဧရိယာထဲမှာ ရှိနေတဲ့သူတွေရဲ့ တိုက်တွေနဲ့ အိမ်တွေကို လုံခြုံအောင်စီမံထားဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီဧရိယာထဲမှာမရှိတဲ့ သူတွေကိုလည်း အဝေးမှာနေဖို့ တိုက်တွန်းထားပါတယ်” လို့ သီခြားတွစ်တာပို့စ်တခုအတွင်း ရဲဌာနက ညွှန်ကြားထားပါတယ်။
အတ္တလန္တာရဲတပ်ဖွဲ့က ဒီဖြစ်ရပ်မှာ သံသယရှိသူရဲ့ ဓာတ်ပုံ ၄ ပုံကို ထုတ်ပြန်ခဲ့တဲ့အပြင် ပစ်ခတ်မှုကျူးလွန်သူဟာ ရုံးခန်းတံခါးပေါက်ကနေ ဝင်လာပြီး လက်ကိုမြှောက်ထားလို့လည်း ဆိုပါတယ်။
သံသယရှိသူရဲ့ မျက်နာပေါ်မှာ နှာခေါင်းစည်း အုပ်ထားတဲ့အပြင် အညိုရောင် ကျောပိုးအိတ်နဲ့အတူ အားကစားဝတ်စုံကိုပါ ဝတ်ဆင်ထားတယ်လို့ သိရပါတယ်။
တရက်တည်းမှာပဲ အတ္တလန္တာမြို့တော်ဝန် အန်ဒရေး ဒစ်ကန် ကတော့ သေနတ်နဲ့ပစ်ခတ်မှု ကျူးလွန်ကာ အခင်းဖြစ်ရာကနေ ကားတစီးနဲ့အတူ ထွက်ပြေးသွားတဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးရမိခဲ့ကြောင်း အတည်ပြုပါတယ်။
သံသယရှိသူ သေနတ်သမားဟာ အမေရိကန်ကမ်းခြေစောင့် တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ဒီယွန် ပတ်တာဆန် ဖြစ်တယ်ဆိုပြီး အတ္တလန္တာရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။
ဒီလိုဖမ်းဆီးရမိခဲ့တာကို ကော့ပ်ဘ်ကောင်တီ ရဲဌာနက တွစ်တာပေါ်မှာ ကြေညာခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူ အားလုံးဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။