close

အတ္တလန်တာရဲ

close

August 23, 2022

လူ ၂ ဦး သေဆုံးခဲ့သည့်ပစ်ခတ်မှု သံသယရှိသူ အမျိုသမီးကို အတ္တလန်တာရဲဖမ်းဆီး

အမေရိကန်နိုင်ငံ၊ အတ္တလန်တာမြို့လယ်မှာ လူနှစ်ယောက်သေဆုံးပြီး  တယောက် ဒဏ်ရာရရှိခဲ့တဲ့ အတ္တလန်တာနိုင်ငံတကာ လေဆိပ်မှာ ပစ်ခတ်မှုဖြစ်ပွားအပြီး ရဲတပ်ဖွဲ့ဟာ သြဂုတ် ၂၂ ရက်က သံသယရှိသူ အမျိုးသမီးတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဒီပစ်ခတ်မှုမှာ သံသယရှိသူဟာ သေဆုံးသူတွေကို ပစ်မှတ်ထားခြင်း ရှိ၊ မရှိ ကြုံရာကျပန်း ပစ်သတ်ခြင်း ရှိ၊ မရှိ ရဲက မေးမြန်းစုံစမ်းစစ်ဆေးနေပါတယ်။ 

မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်ရာနေရာကို သွားရောက်ရာမှာ  အတ္တလန်တာမြို့လယ်ဧရိယာရှိ ရုံးခန်းနဲ့ စျေးဝယ်စင်တာတခုဖြစ်တဲ့ ကိုလိုနီစကွဲ အနီးရှိ အဆင့်မြင့်ကွန်ဒို အဆောက်အအုံမှာ လူနှစ်ဦးကို ရဲတွေက တွေ့ရှိခဲ့ကြောင်း၊ သူတို့ထဲက တယောက်က သေဆုံးခဲ့ပြီး ကျန် တယောက်ကို ဆေးရုံ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ပထမနေရာမှာပဲ ရှိနေချိန် ရဲတပ်ဖွဲ့ဝင်တွေဟာ နောက်ထပ် ဖုန်းခေါ်ဆိုမှုတခု လက်ခံရရှိခဲ့ပြီး အထပ်မြင့်ရုံးခန်း အဆောက်အအုံရဲ့ အရှေ့တောင်ဘက် ၁ မိုင် မရှိတရှိ နေရာမှာ တတိယ မြောက် လူတယောက်ကို  ရဲတွေက တွေ့ရှိခဲ့ပါတယ်။ 

အဲဒီလူဟာ သေနတ်နဲ့ ပစ်ခံရပုံပေါ်ပြီး နောက်ပိုင်းမှာ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ နေရာနှစ်ခုကြား ဆက်စပ်မှုကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။

ရဲတပ်ဖွဲ့ဟာ သံသယရှိသူကို ဖမ်းမမိသေးခင် မြို့လယ်မှာ ပိတ်ဆို့မှုအများအပြားကို လုပ်ဆောင်ခဲ့ပြီး တချို့အဆောက်အအုံတွေမှာ လူတွေကို အထဲမှာပဲနေဖို့ ညွှန်ကြားခဲ့ပါတယ်။

ကနဦးအချက်အလက်တွေအရတော့ ဖြစ်စဉ်နှစ်ခုစလုံးအတွက် သံသယရှိသူ အမျိုးသမီးမှာပဲ တာဝန်ရှိနေကြောင်း ညွှန်ပြနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

55 mins Ago
Up