close

အထက်တန်းကျောင်း မျက်နှာကြက်ပြိုကျ

close

June 8, 2022

တောင်ကုတ် အထက်တန်းကျောင်း မျက်နှာကြက်ပြိုကျပြီး ဆရာမ ၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ တဲမောက် အထက(ခွဲ)ကျောင်းမှာ ဇွန် ၇ ရက်  နေ့လယ်က မျက်နှာကြက်ပြိုကျပြီး ဆရာမတယောက်  ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။

တဲမောက်ကျေးရွာသားတယောက်က “မျက်နှာကြက်ပြိုကျပြီး ဆရာမတဦး ခေါင်းကွဲသွားတယ်။ လေးချက်လောက် ချုပ်လိုက်ရတယ်။ ခန္ဓာကိုယ်မှာလည်း ထိခိုက်ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ဆရာမဟာ အလယ်တန်းပြဆရာမ ဒေါ်ခင်မေဇော်ဖြစ်ပြီး အတန်းချိန်ပြီးလို့ နားနေခန်းအတွင်း နားနေတုန်း မျက်နှာကြက်ခေါင်မိုးပေါ်က ကျောက်ပြားချပ် ရုတ်တရက်ပြိုကျလာတဲ့အတွက် ဦးခေါင်းနဲ့ ပခုံးတွေမှာ ထိခိုက်ဒဏ်ရာ ရရှိသွားတာပါ။

စစ်တွေမြို့မှာ ဆောက်လုပ်ရေးလုပ်နေတဲ့ အင်ဂျင်နီယာတဦးက “ရခိုင်ပြည်နယ်မှာ ပညာရေးဝန်ကြီးဌာနကဆောက်တဲ့ စာသင်ကျောင်းတွေ အားလုံးနီးပါးက စံချိန်စံညွှန်းနဲ့ မကိုက်ညီကြဘူး။ ဂျပန်ကလှူဒါန်းတဲ့ စာသင်ကျောင်းတွေကတော့ ကန်ထရိုက်မပေးဘူး။ BAJ က ကြီးကြပ်ဆောက်တာ။ အဲဒီစာသင်ကျောင်းတွေလောက်သာ ခိုင်ခံ့တာတွေ့ရတယ်။ ဝန်ကြီးဌာနက ချပေးတဲ့ ကန်ထရိုက် စာသင်ကျောင်းတွေကတော့ တာရှည်ခိုင်ခံ့ဖို့ ခက်ပါလိမ့်မယ်” လို့ ဆိုပါတယ်။

တဲမောက် အ.ထ.က(ခွဲ)ကျောင်းဟာ တထပ်ဆောင် RC အမျိုးအစား စာသင်ကျောင်းဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ၂ဝ၁ ဦးနဲ့ ဆရာ၊ ဆရာမ၊ စာရေးမနဲ့ ညစောင့်အပါအဝင် ဝန်ထမ်း ၁၈ ဦး ရှိပါတယ်။

ရခိုင်ပြည်နယ်မှာ ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ စာသင်ကျောင်း ၅,၀၀၀ ကျော်ရှိတယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။

1 min Ago
Up