close

အထူးတရားရုံး

close

October 2, 2021

ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံရသူများကို စစ်ဆေးရန် အင်းစိန်ထောင် အထူးတရားရုံး ၅ ရုံး ပြန်ဖွင့်

စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားသူတွေကို ပြန်စစ်ဆေးဖို့ အင်းစိန်ထောင်မှာ ဖွင့်လှစ်ထားတဲ့ အထူးတရားရုံး ၃၈ ရုံးထဲက ၅ ရုံးကို စက်တင်ဘာ ၂၉ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေကို အမှုလိုက်ပေးနေတဲ့  ရှေ့နေဦးခင်မောင်မြင့်က ပြောပါတယ်။  

ထောင်တွင်း ကိုဗစ်ကူးစက်တာတွေကြောင့် ဇူလိုင် ၈ ရက်ကစပြီး စစ်ကောင်စီက အင်းစိန်ထောင်ကို လော့ဒေါင်းချခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အင်းစိန်ထောင်တွင်း အထူးတရားရုံး ၃၈ ရုံး၊ စစ်ခုံရုံး ၆ ရုံး ဖွင့်လှစ်ခဲ့ပြီး ပုဒ်မ ၅၀၅(က) နဲ့ အဖမ်းခံရသူတွေကို စစ်ဆေးခဲ့ပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာတော့ ကိုဗစ်တတိယလှိုင်းကြောင့် ထောင်တွင်း တရားရုံးတွေကို ရပ်နားခဲ့ပါတယ်။

ရှေ့နေ ဦးခင်မောင်မြင့်က “စက်တင်ဘာ ၂၉ ရက်နေ့ကစပြီး အထူးတရားရုံး စထိုင်ကြတယ်။ ဒါပေမဲ့ အခက်အခဲက ဘာရှိလဲဆိုရင် အင်းစိန်မြို့နယ်က Stay At Home အမိန့်ကြေညာထားတော့ လူအများကြီး စုဝေးလို့မရတဲ့အတွက် တစ်နေ့ကို အင်းစိန်ထောင်က အထူးတရားရုံး ၅ ရုံးကိုပဲ သူတို့ ခွင့်ပြုပေးတယ်။ တရုံး တရုံးကိုလည်း ၅ ယောက်ထက် မပိုစေရဘူးဆိုပြီး ခွင့်ပြုပေးထားတော့ အထူးတရားရုံးတွေက ဖွင့်တယ်ဆိုတဲ့ သဘောလောက်ပဲ ရှိတယ်။ တရားရုံး ၃၈ ရုံးလုံး မဖွင့်နိုင်သလို အဲဒီတရားရုံးတွေမှာ ချိန်းဆိုထားတဲ့ အမှုအားလုံးလည်း မစစ်နိုင်သေးဘူး။ လက်ရှိမှာ အမှုစစ်တာကို မလုပ်နိုင်သေးဘဲနဲ့ အရင်ကလုပ်ထားတဲ့ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးတွေပဲ ပြန်လုပ်ပြီး ရုံးချိန်းပေးတဲ့ အဆင့်ပါပဲ။ စတာတော့ စနေပါပြီ။ ရှေ့လာမယ့် ရုံးချိန်းတွေကျရင်တော့ စစ်နိုင်မယ် ထင်ပါတယ်” လို့ ပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ အင်းစိန်ထောင်ထဲက ပုဒ်မ ၅၀၅(က) နဲ့ အစွဲခံထားရသူ ၇၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး လက်ရှိအချိန်အထိ အင်းစိန်ထောင်ထဲမှာ ၅၀၅(က)နဲ့ အစွဲခံထားရသူ ၃၀၀၀ ကျော်၊ ၄၀၀၀နီးပါး ကျန်နေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

“နောက်ထပ်စွဲတာတွေကလည်း နေ့စဉ်နဲ့အမျှဆိုတော့ မရှိဘူးဆိုရင် အနည်းဆုံး ၃၀၀၀ နဲ့ ၄၀၀၀ ကြားမှာ ရှိလိမ့်မယ်။ အဲဒီဝန်းကျင်လောက် ရှိလိမ့်မယ်။ အရင် ၃၀၀၀ လောက်ရှိတာမှာ ပြန်လွတ်တာ ၇၂၁ ယောက်ပဲ ရှိတယ်။ အဲဒီတုန်းက ကျန်ခဲ့တာ ၂၀၀၀ ကျော်နဲ့ ထပ်ဖမ်းတာနဲ့ဆို ၃၀၀၀ ကျော်၊ ၄၀၀၀ နီးပါးရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်” လို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

အင်းစိန်ထောင်အပါအဝင် မြန်မာနိုင်ငံက ဗဟိုအကျဉ်းထောင်ကြီးတွေဟာ အကျဉ်းသား အချုပ်သား ကျား၊ မ စုစုပေါင်း ၅၀၀၀ အထိပဲထားဖို့ အဆောက်အအုံတွေ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးတရားစွဲခံရသူတွေ ထပ်ရောက်လာတဲ့အခါ အရင် ရှိပြီးသားလူတွေနဲ့ပေါင်းရင် အကျဉ်းသား ၁၂၀၀၀ ဝန်းကျင်အထိ ထိန်းသိမ်းနေရတာဖြစ်ပါတယ်။

အင်းစိန်ထောင်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းဟာ ဇူလိုင် ၂၀ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

11 mins Ago

June 24, 2020

ရှမ်းပြည်နယ်၌ ကလေးသူငယ်များအတွက် အထူးရဲသီးသန့်ထားရန်မရှိဟု  ပြည်နယ်ဝန်ကြီးပြော 

ရှမ်းပြည်နယ်အတွင်း အမှုရင်ဆိုင်နေရတဲ့ ကလေးသူငယ်တွေကို ကလေးသူငယ် အခွင့်အရေးနဲ့ ဂုဏ်သိက္ခာမထိခိုက်စေဖို့အတွက် ကလေးသူငယ် အထူးရဲသီးသန့်ထားရှိပေးဖို့ အစီအစဉ်မရှိဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကလေးသူငယ် အထူးတရားရုံးထားပေးဖို့နဲ့ ကလေးသူငယ် အထူးရဲသီးသန့် ထားပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းတဲ့အခါမှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီးက အစီအစဉ်မရှိဘူးလို့ ပြန်ဖြေကြားခဲ့တာပါ။ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက “ရှမ်းပြည်နယ်အတွင်း ကလေးသူငယ် ပြစ်မှု ဖြစ်ပွားလာပါက တာဝန်ကျ သက်ဆိုင်ရာရဲအရာရှိသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၂/၉၊ အခန်း-၂၁၊ ပုဒ်မ-၈၀(၁၁) နဲ့အညီ ဆောင်ရွက်နေတာကြောင့် ပြစ်မှုကျူးလွန်သူ ကလေးသူငယ်များရဲ့ အခွင့်အရေးကို ရခံခွင့်ရှိတဲ့အတွက် ကလေးသူငယ် အထူးရဲများ သီးသန့်ထားရှိရန် အစီအစဉ်မရှိသေးပါဘူး” လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေ သီးခြားစစ်ဆေးဖို့ ရုန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ကလေးသူငယ် အထူးတရားရုံးတွေ ဖွင့်ထားပြီး ရှမ်းပြည်နယ်မှာတော့ သီးသန့်ထားရှိတာ မရှိသေးပါဘူး။ ကလေးသူငယ်တွေဟာ တစ်နှစ်နဲ့တစ်နှစ် အမှုရင်ဆိုင်နေရတဲ့သူ ပိုမိုများပြားလာတဲ့အတွက် ကလေးသူငယ် အထူးတရားခွင်ပေါ်ပေါက်ဖို့ ရွာငံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးက လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းထားပါတယ်။ ရွာငံမြို့နယ်၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက “ရှမ်းပြည်နယ်အတွင်း ကလေးသူငယ် အမှုအခင်းတွေနဲ့ပတ်သက်လို့ ဂုဏ်သိက္ခာအရ စစ်ဆေးမေးမြန်းရာမှာ အထူးတရားခွင်တွေ ပေါ်ပေါက်လာစေဖို့နဲ့ ကလေးသူငယ်များဆိုင်ရာ ကျင့်သုံးမှုဥပဒေအရ အထူးအလေး ဆောင်ရွက်လာစေဖို့ အထူးရဲတွေ ပေါက်ပေါက်လာစေဖို့ ရည်ရွယ်ပြီး တင်ပြသွားပါမယ်။ ကျနော်တို့ရှမ်းပြည်နယ်ဟာ နယ်စပ်ဒေသနဲ့ ဆက်စပ်တဲ့ဒေသ ဖြစ်တဲ့အတွက်ကြောင့် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးသူငယ် အမှုအခင်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ကလေးသူငယ် အထူးတရားရုံးတွေ မရှိမဖြစ် လိုအပ်နေပါတယ်။ ကလေးသူငယ် အမှုအခင်းတွေ ဆောင်ရွက်ရာမှာ အထူးလေ့ကျင့်ပေးထားတဲ့ ကလေးအထူးရဲတွေလည်း ရှမ်းပြည်နယ်မှာ အထူးလိုအပ်နေပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ၂၀၁၅ ခုနှစ်မှာ ကလေးသူငယ် အမှုတွဲပေါင်း ၃၉၆ မှု၊ ၂၀၁၆ ခုနှစ်က ၃၀၇ မှု၊ ၂၀၁၇ ခုနှစ်က ကလေးသူငယ် အမှုတွဲပေါင်း ၄၅၇ မှု ကလေးသူငယ် အမှုတွေ ပိုတိုးလာတယ်လို့ သိရပါတယ်။  ခွန်ရာဇာ
1 year Ago
Up