ထိုင်းနိုင်ငံ ကျောက်ဖရားမြစ်ထဲ ရေနစ်သေဆုံးသွားခဲ့တဲ့ ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး ရဲ့အမှုကို အထူးမှုခင်းအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ပြည်သူတွေက တောင်းဆိုထားတဲ့အပေါ် လက်ခံလိုက်ကြောင်း DSI တာဝန်ရှိသူက မတ် ၂၈ ရက်နေ့သတင်းစာရှင်းပွဲမှာ ထုတ်ပြန်ပြောကြားပါတယ်။
မင်းသမီးတိုင်မို နိဒါး သေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်ဘဲ လူသတ်အလောင်းဖျောက်ဖျက်မှုလို့ သံသယရှိကြောင်း၊ ထင်ရှားတဲ့သက်သေ မပြနိုင်သေးဘဲ မတော်တဆသေဆုံးမှုလို့ အလျင်စလို သုံးသပ်ခဲ့တဲ့ ရဲတပ်ဖွဲ့အပေါ်လည်း သံသယရှိကြောင်း၊ ဒါကြောင့် အထူးမှုခင်းအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ဘန်ကောက်မြို့တော်ဝန်အဖြစ် ဝင်ရောက်အရွေးခံခဲ့တဲ့ ခွန်ရို့စနား နဲ့ ရှေ့နေတွေက တင်ပြလျှောက်ထားခဲ့တဲ့အပေါ်မှာ DSI ကော်မတီဝင်တွေအနေနဲ့ဆွေးနွေးသုံးသပ်ဖို့ လက်ခံလိုက်တယ်လို့ အထူးမှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) ညွှန်ကြားရေးမှူး နိုင်းတရိုင်ရစ်ထ် တေမဟီဝုန်းက ပြောပါတယ်။
ဒီမတိုင်ခင်ရှေ့က သူတို့အနေနဲ့ တိုင်မိုရဲ့အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့တဲ့ ဆေးသိပ္ပံဌာန ဆရာဝန်၊ ရဲဆေးရုံက မှုခင်းဆရာဝန်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးပြီး တွေ့ရှိချက်တွေအပေါ် သုံးသပ်ခဲ့ကြောင်း၊ နောက်ထပ်သက်သေအချက်အလက်တွေကိုလည်း ရဲတပ်ဖွဲ့ထံတောင်းထားပြီး ဧပြီလထဲမှာ အကုန်ရမယ်လို့ သူကခန့်မှန်းပြောဆိုပါတယ်။
လောလောဆယ် အမှုတွဲဟာ ထိုင်းရဲတပ်ဖွဲ့လက်ထဲမှာရှိနေပြီး ရဲက အဆိုပါအမှုတွဲကို တရားရုံးပို့ပြီး တရားရုံးက DSI လက်ပြန်လွှဲတဲ့အခါ အမှုမှန်ပေါ်ပေါက်ရေး ပြန်စစ်ဆေးရမှာဖြစ်ကြောင်း၊ ကော်မတီရဲ့ဆွေးနွေးဆုံးဖြတ်ချက်ကိုလည်း ယူရဦးမယ်လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ ဆွေမျိုးတွေကတော့ DSI အနေနဲ့ ဒီအမှုကို ဆက်လက်စုံစမ်းစစ်ဆေးဖို့ မလိုလားပေမယ့်လည်း အဓိကမှာ သက်သေနဲ့ အမှန်တရားပေါ်မှာသာမူတည်ကြောင်း၊ ဒီအမှုကို ထပ်ပြီးစစ်ဆေးဖို့ တောင်းဆိုလာတာဟာ ပြည်သူတွေဘက်ကဖြစ်သလို ဒီအမှုဟာ လူအများက ကျယ်ကျယ်ပြန့်ပြန့်စိတ်ဝင်စားနေတဲ့အမှုဖြစ်တယ်၊ ရာဇဝတ်မှုနဲ့လည်းပတ်သက်နေတယ်၊ ဒါကြောင့် မိသားစုထဲက အမှုမဟုတ်တော့ဘဲ အများဆိုင်ရာအမှု နိုင်ငံ့အမှုဖြစ်နေတာကြောင့် ဖြစ်ရပ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ DSI ညွှန်မှူးက ပြောသွားပါတယ်။
DSI က အထူးမှုခင်းအနေနဲ့စုံစမ်းဖော်ထုတ်ဖို့အတွက် သက်သေခံအမျိုးမျိုးရှုတ်ထွေးနေခြင်း၊ အများပြည်သူပေါ်သက်ရောက်မှုရှိခြင်း၊ နိုင်ငံရဲ့ လူမှုစီးပွားရေးလုံခြုံရေးပေါ်သက်ရောက်ခြင်း၊ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကြား သက်ဆိုင်နေတဲ့အမှုဖြစ်ခြင်း၊ နောက်ကွယ်မှာ ဩဇာကုတ္တိ (ငွေကြေး/အာဏာ/ပါဝါ) ရှိသူတွေရှိနေခြင်း စတဲ့အချက် တချက်ချက်နဲ့ အကြုံးဝင်ရမယ်လို့ ဆိုပါတယ်။