close

အထူးသံတမန်

close

March 17, 2023

မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်မှုများ နိုင်ငံတဝန်းဆက်ရှိနေ၊ စေ့စပ်ညှိနှိုင်းကျေအေးရန်မရှိဟု ကုလအထူးသံပြော

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ ရက်ရက်စက်စက်ဖိနှိပ်မှုတွေရှိနေပေမဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်မှုတွေဟာ  အကြမ်းမဖက်နဲ့ နည်းလမ်းနဲ့ရော အကြမ်းနည်းနဲ့ပါ နိုင်ငံတဝန်း ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်ရှိနေတယ်လို့  ကုလသမဂ္ဂအထူးသံတမန် နိုလင်းဟေဇာက ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီကရော၊ NUGနဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကပါ နှစ်ဖက်စလုံးက အင်အားသုံးအနိုင်ယူဖို့ ရည်ရွယ်ထားကြပြီး စေ့စပ်ညှိနှိုင်းကျေအေးကြမယ့် အလားအလာမရှိဘူးလို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်ဟေဇာက မတ်လ ၁၆ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်နဲ့ ပြည်သူတွေဟာ အကြီးအကျယ် ဖွတ်ဖွတ်ညက်ညက်ကျေ ထိခိုက်ပျက်စီးသွားရပြီး အကြမ်းဖက်မှုတွေဟာ ထိတ်လန့်စရာကောင်းတဲ့ ပမာဏနဲ့ ဆက်လက်ဖြစ်နေတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အရေးပေါ်အခြေအနေ သက်တမ်းထပ်တိုးလိုက်ပြီး အာဏာကို ခိုင်ခိုင်မြဲမြဲဆက်လက်စွဲကိုင်သွားဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်သားတွေရဲ့ နေအိမ်အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးမှုတွေနဲ့  တခြားလူ့အခွင့်ရေးချိုးဖောက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ 

လတ်တလော စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှာ  အမျိုးသမီးတွေအပါအဝင် အရပ်သားတွေနဲ့  PDF တပ်ဖွဲ့ဝင်တွေကို ခေါင်းဖြတ်သတ်တာ၊ ကိုယ်လက်အင်္ဂါဖြတ်တောက်တာအပါအဝင် လွန့်အလွန်ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေလုပ်ဆောင်ခဲ့သလို  တိုင်းရင်းသားဒေသ အတော်များများမှာ အကြမ်းဖက်မှုတွေဆက်ဖြစ်နေပြီး အခုသီတင်းပတ်အတွင်း ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ဘုန်းကြီးကျောင်းတကျောင်းမှာ အရပ်သား ၂၈ ယောက်ကို စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ သတင်းတွေရရှိတယ်လို့ ပြောပါတယ်။

စစ်တပ်ဟာ အရပ်သားပြည်သူတွေကို  ပစ်မှတ်ထားပြီး  စားနပ်ရိက္ခာ၊ ထောက်ပံ့ငွေ၊ သတင်းအချက်အလက်နဲ့ အင်အားသစ်ဖြည့်တာတွေကို တားဆီးပိတ်ပင်ကာ ဖြတ်လေးဖြတ် နည်းဗျူဟာစနစ်နဲ့  လုပ်ဆောင်နေတယ်လို့လည်း ကုလအထူးသံတမန်က ပြောပါတယ်။

စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ တိုင်းပြည်အကျပ်အတည်းရဲ့ ထွက်ပေါက်ဖြစ်ဖို့ အလှမ်းဝေးနေဆဲဖြစ်ကြောင်း၊ စစ်တပ်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အသင်းအဖွဲ့အစည်းမှတ်ပုံတင်ဥပဒေဟာ လူသားချင်းစာနာလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေသလို  နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေဟာလည်း ဒီမိုကရေစီဘောင်ကျဉ်းစေတယ်လို့ ဝေဖန်ပါတယ်။ 

နိုင်ငံတဝန်း လူသားချင်းစာနာမှုအကူအညီလိုနေသူပေါင်း ၁၇ ဒသမ ၆ သန်းရှိပြီး လူပေါင်း ၁ ဒသမ ၆ သန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်၊ အာဏာစသိမ်းကတည်းက ခုချိန်အထိ  ပြည်သူလူထု နေအိမ်ခြေ ၅၅၀၀၀ လောက် မီးရှို့ဖျက်ဆီးခံရပြီး တနိုင်ငံလုံးရဲ့ သုံးပုံတပုံပမာဏဖြစ်တဲ့  အိမ်ထောင်စုပေါင်း ၂၉ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာအခက်အခဲနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ  ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ( WFP)က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ရိက္ခာဖြတ်ဖို့ ကြေညာခဲ့ကြောင်း၊ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ ကုလသမဂ္ဂနဲ့ မိတ်ဖက်နိုင်ငံတွေက ဒေါ်လာ ၈၇၆ သန်းတောင်းခံထားပြီး အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နှစ်ဆထည့်ဝင်ကြဖို့နဲ့ ဒီအချိန်ဟာ အလှူငွေ ဖြတ်တောက်ဖို့ အချိန်မကျသေးဘူးလို့ အထူးသံတမန်က ပြောပါတယ်။

အခုရက်ပိုင်းမှာ စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်နဲ့ အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားရောက်ပြီး  ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံကာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီးလည်း နိုလင်းဟေဇာက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး လုပ်ငန်းစဉ်ဟာ ဒုက္ခသည်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ရေး အာမခံချက်ရှိ ရမယ်လို့ ပြောပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေ မပိတ်ပင်ဖို့နဲ့ အကြမ်းဖက်မှုတွေ လျှော့ချဖို့ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး သိသာတဲ့ တိုးတက်မှုတွေ မြန်မာပြည်သူတွေ မြင်တွေ့ရအောင် အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်အဖွဲ့တွေပူးပေါင်း ဆောင်ရွက်ကြဖို့  လွန်ခဲ့တဲ့ ၃ ရက်လောက်တုန်းက လုံခြုံရေးကောင်စီတံခါးပိတ် အစည်းအဝေးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ တင်ပြခဲ့တယ်လို့ နိုလင်းဟေဇာက ပြောပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေ ရနိုင်တဲ့လမ်းကြောင်းတွေအားလုံးကနေ ပေးပို့နိုင်ရေး လမ်းဖွင့်ဖို့ရည်ရွယ်ပြီး အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပန်ကြားချက်အရ အားလုံးပါဝင်တဲ့ လူသားချင်းစာနာ မှုအကူအညီပေးရေးဆိုင်ရာဖိုရမ်တခုကျင်းပသွားဖို့လည်း နိုလင်းဟေဇာကပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေရဲ့မျက်ဝန်းမှတဆင့် အနာဂတ်ကိုစိတ်ကူးပုံဖော်ခြင်းလို့အမည်ရတဲ့  မြန်မာ့အရေး စကားဝိုင်းဆွေးနွေးပွဲတခု ကျင်းပသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ 

မြန်မာနိုင်ငံမှာ အဖြစ်ဆိုးတွေ၊ မသေချာမရေရာမှုတွေနဲ့ နက်နက်ရှိုင်းရှိုင်းကြုံတွေ့နေရပေမဲ့ အစဉ်အလာမဟုတ်တဲ့ သွေးစည်းညီညွတ်မှုတွေရလာနေတယ်၊ ပြည်သူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ လူငယ်တွေဟာ ဘာသာရေးနဲ့ လူမျိုးရေးခွဲခြားတဲ့ ဓလေ့စရိုက်ဟောင်းပြဿနာတွေကို ကိုင်တွယ်ဖို့ ပူးပေါင်းလုပ်ဆောင်လာကြသလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ စီမံအုပ်ချုပ်မှုလိုအပ်ချက်တွေကို ပြန်လည်တည်ဆောက်ဖို့ သူတို့ဟာ တိုင်းပြည်ရဲ့ အတွင်းပိုင်း အင်အားနဲ့ နိုင်ငံရေးကို ပုံဖော်နေကြတယ်လို့  နိုလင်းဟေဇာက ကုလသမဂ္ဂညီလာခံမှာ ပြောသွားပါတယ်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်  ဩဂုတ်လ ၁၇ ရက်က နေပြည်တော်ကိုသွားရောက်ကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပေမဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသလို  သိသာထင်ရှားတဲ့ ရလဒ်တခုမှ မရခဲ့ပါဘူး။

စစ်ကောင်စီကို တရားဝင်လူသိရှင်ကြား သွားရောက်တွေ့ဆုံခဲ့တဲ့ နိုလင်းဟေဇာအနေနဲ့ NUG၊ NUCC၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အမျိုးသမီးအခွင့်ရေးလှုပ်ရှားသူတွေကိုလည်း တရားဝင်တွေ့ဆုံ ဆွေးနွေးဖို့လည်း မြန်မာအမျိုးသမီးအရေး လှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

PHOTO-UN

4 mins Ago

December 17, 2022

မင်းသမီး အိန်ဂျလီနာဂျိုလီ UNHCR အထူးသံတမန်အဖြစ်မှ နုတ်ထွက်မည်

ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)ရဲ့ အထူးသံတမန်အဖြစ်မှ နုတ်ထွက်တော့မှာဖြစ်ကြောင်းနဲ့  လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ တက်ကြွလှုပ်ရှားသူအဖြစ် ဆက်ရှိနေဦးမှာဖြစ်ကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ ၁၆ ရက်မှာ ပြောကြားပါတယ်။ 

UNHCR မှာ ၂၁ နှစ်တာကာလအတွင်း ကွင်းဆင်းတာဝန် ၆၀ ကျော်ကို တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျိုလီက ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းရဲ့ ပြင်ပရှိ ဒုက္ခသည်တွေနဲ့ ဆက်လုပ်ကိုင်လိုကြောင်း ပြောကြားခဲ့ပါတယ်။ 

ဒုက္ခသည်တွေနဲ့ တခြားရွှေ့ပြောင်းနေထိုင်သူတွေကို ထောက်ပံ့ဖို့ လာမယ့်နှစ်တွေမှာ သူ့ရဲ့ စွမ်းအားနဲ့ အရာအားလုံးကို ဆက်ပြီး လုပ်ဆောင်သွားမှာပါလို့လည်း ဂျိုလီက သူ့ရဲ့ နုတ်ထွက်ကြောင်း ကြေညာချက်မှာ ပြောထားပါတယ်။ 

ကုလသမဂ္ဂစနစ်မှာ နှစ် ၂၀ ကြာ အလုပ်လုပ်ပြီးနောက်မှာ မတူကွဲပြားစွာ အလုပ်လုပ်ဖို့ အချိန်တန်ပြီလို့ ခံစားမိကြောင်းနဲ့ ဒုက္ခသည်တွေနဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံပြီး သူတို့ရဲ့ အကြံပြုချက်တွေကို ပံ့ပိုးပေးရမယ့် အချိန်ရောက်ပြီလို့ ခံစားရကြောင်း ဂျိုလီက ဆိုပါတယ်။ 

ဂျိုလီဟာ ၂၀၁၂ ခုနှစ်ကတည်းက UNHCR အထူးသံတမန် ဖြစ်ခဲ့တာပါ။ အခုနှစ်မှာတော့ ဂျိုလီဟာ ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ ယီမင်နဲ့ ယူကရိန်းကို သွားရောက်ခဲ့ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖီလစ်ပိုဂရန်ဒီက ဂျိုလီရဲ့ အကူအညီ၊ တာဝန်ဝတ္တရားတွေနဲ့ ဒုက္ခသည်တွေနဲ့ မဖြစ်မနေ ထွက်ပြေးလာရတဲ့သူတွေအတွက် ဂျိုလီ လုပ်ဆောင်ပေးခဲ့တဲ့ ထူးခြားမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

“UNHCR နဲ့ အချိန်အကြာကြီး အောင်အောင်မြင်မြင် ရှိခဲ့ပြီးနောက်မှာ သူ့ရဲ့တာဝန် ခန့်အပ်ထားမှုကို ပြောင်းလဲချင်တဲ့ဆန္ဒကို လေးစားပြီး သူ့ဆုံးဖြတ်ချက်ကို အားပေးချင်ပါတယ်”လို့ ဂရန်ဒီကပြောကြားခဲ့ပါတယ်။

အရင်တုန်းက မရှိခဲ့ဖူးတဲ့ အကြမ်းဖက်မှု၊ ပဋိပက္ခနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် နေအိမ်တွေကနေ မဖြစ်မနေ ထွက်ခွာခဲ့ရတဲ့သူတွေ တော်တော်များများ ရှိနေကြောင်းနဲ့ ကမ္ဘာတဝန်း လက်ရှိအချိန်မှာ လူပေါင်း သန်း ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရတယ်လို့ UNHCR က ခန့်မှန်းထားပါတယ်။

3 months Ago
Up