close

အထောက်အထား

close

July 11, 2022

ထိုင်းတွင် တရားမဝင်နေထိုင်သူများ အထောက်အထားလုပ်ရန် လမ်းညွှန်ချက်ထုတ်ပြန်

ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်အလုပ်လုပ်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ၄ နိုင်ငံက အလုပ်သမားတွေအနေနဲ့ တရားဝင်နေထိုင်ခွင့် အထောက်အထားလုပ်ဖို့ လမ်းညွှန်ချက်တွေကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတို့က ဇူလိုင်လ ၉ ရက်က ထုတ်ပြန်ပါတယ်။ 

အဆိုပါလမ်းညွှန်ချက်အရ အလုပ်ရှင်တွေဟာ မိမိအလုပ်သမားရဲ့ အမည်နဲ့ မျက်နှာ ထင်ရှားတဲ့ ဓာတ်ပုံကို  သက်ဆိုင်ရာခရိုင်/နယ်မြေ အလုပ်သမားရှာဖွေခန့်ထားရေးရုံးမှာ ၁၅ ရက် အတွင်း အမည်စာရင်းပေးထားရမှာ ဖြစ်ပါတယ်။ 

အဲဒီနောက် မှတ်ပုံတင်ခ ဘတ် ၁၀၀ နဲ့ အလုပ်လုပ်ခွင့် (Work Permit) ဘတ် ၉၀၀ တို့ကို  Krungthai Bank မှာသွင်းပြီး ဝန်ထမ်းက ပြေစာဖြတ်ပိုင်းနဲ့ QR ကုတ်ကို ထုတ်ပေးပါမှာဖြစ်ပြီး အလုပ်သမားကတ်မရသေးခင်ကာလ အဆိုပါဖြတ်ပိုင်းကို အသုံးပြုရမှာပါ။ 

အဆိုပါ ပြေစာဖြတ်ပိုင်း QR ကုတ်နဲ့ နောက်ထပ် လူမှုဖူလှုံရေးအာမခံ လုပ်ရပါမယ်၊ လူမှုဖူလုံရေး အာမခံလုပ်လို့မရသေးတဲ့ လုပ်ငန်းအမျိုးအစားဆိုရင်တော့ ကျန်းမာရေးဌာန ဒါမှမဟုတ် ကျန်းမာရေးအာမခံပုဂ္ဂလိကကုမ္ပဏီတွေထံမှာ ကျန်းမာရေးအာမခံကတ် လုပ်ထားရပါမယ်။ မလုပ်ခင်မှာ တားမြစ်ထားသောရောဂါ ၆ မျိုး အစစ်ဆေးခံရမှာဖြစ်ပြီး အဲဒီနောက် အလုပ်ရှင်က မိမိအလုပ်သမားကို ခေါ်ယူပြီး အုပ်ချုပ်ရေးရုံးမှာ ကိုယ်ရေးရာဇဝင်တင်သွင်းကာ ပန်းရောင်ကတ်ပြု လုပ်ရမှာ ဖြစ်ပါတယ်။ 

အဆိုပါအချက်ဆောင်ရွက်ထားပြီးသူတွေဟာ  လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ 

လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထိ (နောက်ထပ် ၂ နှစ်) ဆက်လက် လုပ်ကိုင်နေထိုင်သွားလိုပါက နေထိုင်ခွင့်သက်တမ်းမကုန်မီ ရက်ပေါင်း ၁၂၀ အတွင်း ဗီဇာ တံဆိပ်တုံး ကြိုထုထားပြီး နေထိုင်ခွင့်သက်တမ်း တိုးရပါမယ်၊ တစ်နှစ် ၁ ကြိမ် နဲ့ စုစုပေါင်း ၂ ကြိမ် သက်တမ်းတိုးရမှာ ဖြစ်ပါတယ်။  ဒီအုပ်စုထဲက လူတွေဟာ ၁၂၀,၀၀၀ ကျော်ရှိမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ 

ဒီမတိုင်ခင်က နေထိုင်ခွင့်အထောက်အထား မှတ်ပုံတင်ထားပြီးသူတွေဟာလည်း လာမယ့် ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်မှာ အလုပ်လုပ်ခွင့်သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ နေထိုင်ခွင့်ဗီဇာကတော့ ဒီနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ သက်တမ်းကုန်မှာပါ။ 

ဒါကြောင့် သူတို့ဟာလည်း နောက် ၂ နှစ် ဆက်လက်နေထိုင်လုပ်ကိုင်လိုပါက ရက်ပေါင်း ၁၂၀ အတွင်း နေခွင့်သက်တမ်းမကုန်ခင် ဗီဇာတံဆိပ်တုံး ကြိုတင်ထုထားပြီး အလုပ်လုပ်ခွင့် (Work Permit) တနှစ်တခါနဲ့ နှစ်ကြိမ်သက်တမ်းတိုးရမှာ ဖြစ်ပါတယ်။ သက်တမ်းတိုးပြီးက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ထိ အလုပ် လုပ်ကိုင်ခွင့်ရှိပါတယ်။ 

လမ်းညွှန်ချက်တွေနဲ့ပတ်သက်လို့ နားမလည်တာရှိရင် သက်ဆိုင်ရာခရိုင် အလုပ်သမားရှာဖွေရေးရုံး၊ ဘန်ကောက်မှာဆိုရင် နယ်မြေ ၁ မှ ၁၀ ထိ ခရိုင်အလုပ်သမားရုံး ဒါမှမဟုတ် အလုပ်သမားဝန်ကြီးဌာန အရေးပေါ်ဖုန်းလိုင်း ၁၅၀၆ လိုင်းခွဲ ၂ ဒါမှမဟုတ် အလုပ်သမားရှာ ဖွေခန့်ထားရေးဦးစီးဌာန အရေးပေါ်ဖုန်းလိုင်း ၁၆၉၄ ကို ဆက်သွယ်နိုင်ပါတယ်။

3 hours Ago

September 6, 2020

လားရှိုးသို့ လာသူများ အထောက်အထားမပြနိုင်လျှင် ကိုယ့်စရိတ်ဖြင့် Quarantine ဝင်ရမည်

ရှမ်းပြည်နယ် လားရှိုးမြို့ကို  လာရောက်သူတွေအနေနဲ့ သက်သေအထောက်အထားမပြနိုင်ပါက ကိုယ့်စရိတ်နဲ့ ကွာရတင်း ၂၁ ရက်ဝင်ရမယ်လို့  လားရှိုးမြို့ နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက စက်တင်ဘာလဆန်းပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။   လာရှိုးမြို့နယ်သို့ လာရောက်မယ့်သူတွေဟာ ကျန်းမာကြောင်းထောက်ခံချက်ပါမှ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး လားရှိုးမြို့နေထိုင်သူတွေအနေနဲ့ မြို့မှာနေထိုင်ကြောင်း ထောက်ခံချက်နဲ့ သွားရောက်ခဲ့တဲ့ ဒေသထောက်ခံချက်ပါမှ ဝင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။  သတ်မှတ်ထားချက်တွေ မဖော်ပြနိုင်ပဲ လားရှိုးမြို့ပေါ်မှာ နေထိုင်သူဆိုရင် မိသားစုအပါအဝင် Home Quarantine ဒါမှမဟုတ် မိမိစရိတ်နဲ့ Facility Quarantine ဝင်ရမှာဖြစ်ပါတယ်။ လားရှိုးမြို့ နေထိုင်သူမဟုတ်ပါက ကိုယ့်စရိတ်နဲ့ Facility Quarantine ဒါမှမဟုတ် Hotel Quarantine ဝင်ရမှာပါ။  လားရှိုးမြို့ကို သိန်းနီမြို့ဘက်က ဝင်ရောက်နိုင်မယ့် ဟိုပိတ်လမ်းကို အဝင်ပိတ်ထားပြီး အထွက်သာခွင့်ပြုပေးမယ်လို့ သိရပါတယ်။  မန္တလေး-လားရှိုးလမ်း ကိုမယ်ကန်ကျေးရွာအုပ်စု မြို့ဝင်ဂိတ်နဲ့ လားရှိုး-နမ္မတူလမ်း ပညာရေးကောလိပ် မြို့ဝင်ဂိတ်တွေကိုတော့ မနတ် ၆ နာရီကနေ ည ၁၂ နာရီထိ ဖွင့်လှစ်စစ်ဆေးပြီး ဝင်ထွက်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။  လေဆိပ်ကဝင်လာတဲ့သူတွေလည်း ရပ်ကွက်ထောက်ခံစာနဲ့ ကျန်းမာရေးထောက်ခံစာပြရမှာဖြစ်ပါတယ်။ လေဆိပ်ကဝင်လာပြီး တခြားမြို့နယ်ပြင်ပကို သွားလိုပါက လုံခြုံရေးအစောင့်အရှောက်နဲ့ ထွက်ခွာရမှာဖြစ်ပြီး သွားရောက်မယ့်ဒေသကို ရောက်တဲ့အခါ မြို့နယ်တာဝန်ရှိသူတွေထံ သတင်းပို့ပြီး စီမံမှုအတိုင်း လိုက်နာဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။  ပြည့်ဖြိုးကိုကို၊ နွေလှိုင်း
2 years Ago
Up