close

အဓမ္မကျင့်

close

February 25, 2023

CDM သူနာပြုဆရာမကို စစ်တပ်က မသတ်ခင်အဓမ္မပြုကျင့်ခဲ့ဟု အုတ်ဖို PDF ပြော

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ CDM သူနာပြုဆရာမတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မသတ်ခင်မှာ အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေနဲ့ အလောင်းပြန်တွေ့ခဲ့တယ်လို့ အုတ်ဖို PDF အဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က အုတ်ဖိုမြို့နယ်မှာ CDM သူနာပြုဆရာမတယောက်ကို စစ်ကောင်စီတပ်တွေက တောစပ်တနေရာမှာ သတ်ဖြတ်ခဲ့တာဖြစ်ပြီး အလောင်းပြန်မတွေ့လို့  PDF တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းအရှေ့ဘက်၊ တောစပ်မှာအလောင်းကို ပြန်ရှာတွေ့ခဲ့တယ်လို့ အုတ်ဖို PDF  အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

''သူတို့က မသတ်ခင်ကို ဝိုင်း  Rape လုပ်ခဲ့တာ၊ အင်္ကျီနဲ့ ထမိန်စကပ်တွေမှာ အထောက်အထားတွေ့ရတယ်။ ပတ်၀န်းကျင် မလှမ်းမကမ်းမှာ စိုက်ခင်း တချို့တော့ရှိတယ်။ အဲ့ဒိစိုက်ခင်းက လူတွေက ဘယ်သူတွေလုပ်သွားတယ်ဆိုတာကို သိကြတယ်။ ဒါပေမဲ့ ဘယ်သူမှ နာမည်မပြောရဲကြဘူး။ လက်ရှိ စစ်ကောင်စီတပ်က သူတို့ရွာမှာ တပ်စွဲထားတုန်း၊ Rape လုပ်တဲ့အထဲမှာ ပျူတွေလည်း ပါတယ်လို့တော့ ပြောတယ်။''

သူနာပြုဆရာမဟာ အုတ်ဖိုမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ ကျပ်ကွင်းကျေးရွာမှာ နေထိုင်သူဖြစ်ပြီး သူ့အမျိုးသားကကတော့ သူတို့ လက်ထပ်ပြီး ၃ လအကြာမှာ ဆန္ဒပြရာမှာပါဝင်ခဲ့မှုနဲ့  စစ်ကောင်စီက ဖမ်းမိသွားပြီးအခုထိ သာယာ၀တီထောင်ထဲမှာ  ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် ၃ နှစ်ချခံထားရပါတယ်။

သူနာပြုဆရာမဟာ ဇန်နဝါရီ ၂၉ ရက်နေ့က PDF စခန်းတခုမှာ သွားရောက် မီးဖွားပေးပြီးအပြန်မှာ အဖမ်းခံလိုက်ရကာ သူနဲ့အတူ လုံခြုံရေးထည့်ပေးလိုက်တဲ့  ရဲဘော် ၂ ယောက်ဟာလည်း ပစ်သတ်ခံလိုက်ရပါတယ်။

ဆရာမကိုတော့ စစ်ကြောရေးမှာ ၁၀ ရက်ကျော် အစစ်ဆေးခံရပြီး၊ PDF စခန်းကို လိုက်ပြပေးဖို့ စစ်တပ်က ခေါ်သွားပြီး စခန်းပြပေပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် တောစပ်ကိုခေါ်ပြီး အဓမ္မပြုကျင့်ကာ ပစ်သတ်ခဲ့တာလို့ မိသားစုကပြောပါတယ်။

မိသားစုဝင်တယောက်က “တကယ်တော့ သူက PDF လည်း မဟုတ်ဘူး၊ တောထဲနေတဲ့သူလည်း မဟုတ်ဘူး။ လတ်တလော CDM လုပ်ပြီးတိမ်းရှောင်နေတာ။ အခုက တောင်ပေါ်က PDF စခန်းမှာ စစ်ဘေးရှောင်နေတဲ့အထဲမှာ ကိုယ်၀န်သည် တယောက်ပါလာပြီး မီးဖွားဖို့ လိုအပ်တာကြောင့် သူ့ကို သွားခေါ်ရတာ။ အဲ့ဒါအပြန်မှာလမ်းမှာ မိသွားတာ။ အဲ့ဒါကို သူသွားခဲ့တဲ့ PDF စခန်းနေရာကို လိုက်ပြခိုင်းတာကို မပြတဲ့အတွက် အခုလို ရက်ရက်ဆက်ဆက် မုဒိမ်းကျင့်ပြီး သတ်လိုက်တာ” လို့ ပြောပါတယ်။

သူနာပြုဆရာမကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်တွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

CDM သူနာပြုဆရာမရဲ့ အလောင်းကို ဖေဖော်ဝါရီ  ၂၃ ရက်က ထန်းပင်ကုန်းရွာအလွန် ၆  မိုင်အကွာလောက်အကွာ၊ တောထဲက ချောက်ကမ်းပါးတခုထဲ လွှင့်ပစ်ထားတာကို ပြန်ရှာတွေ့ခဲ့တာဖြစ်ပြီး အုတ်ဖို PDF ကပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

2 weeks Ago

December 6, 2020

အမျိုးသမီး ၁ ဦးအား အဓမ္မကျင့်ခဲ့သည့် စစ်သည် ၃ ဦးကို ပထမအကြိမ် စတင်စစ်ဆေး

ရခိုင်ပြည်နယ်က အမျိုးသမီးတယောက်ကို အဓမ္မကျင့်ခဲ့တဲ့ တရားခံစစ်သား ၃ ယောက်ကို ကျူးလွန်တယ်လို့ ထွက်ဆိုပြီး ၃ လအကြာမှာ ပထမဆုံးအကြိမ် အကျဉ်းစစ်တရားရုံးချုပ်နဲ့ စတင်စစ်ဆေးလိုက်ပါတယ်။ ရသေ့တောင်မြို့နယ် ဦးဂါရွာနေ အမျိုးသမီးတယောက်ကို အဓမ္မကျူးလွန်ခဲ့တဲ့ တရားခံစစ်သည် ၃ ယောက်ကို ဒီဇင်ဘာ ၃ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ ကနေ ၁၁ နာရီ ၁၀ မိနစ်အထိ မိနစ် ၅၀ ကြာ စစ်တွေတပ်နယ်မှာ အကျဉ်းစစ်တရားရုံးချုပ်နဲ့ စစ်ဆေးတာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ စစ်တရားရုံးကို ပွင့်လင်းမြင်သာမှုရှိရှိစစ်ဆေးတာဖြစ်လို့ ဆင့်ခေါ်ထားတဲ့ တရားလိုနဲ့ သက်သေတွေ၊ တရားရုံးရှေ့နေတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရခိုင်အမျိုးသမီး ကွန်ရက်က လေ့လာသူတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စစ်တရားရုံးက ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပြီး တရားခံတွေကို ပြစ်ဒဏ်ချမှတ်တာကို အတည်ပြုအာဏာပိုင်လက်မှတ်ရေးထိုးပြီးရင် ဆက်လက်ထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။ ကျူးလွန်ခဲ့သူတွေဟာ စက်တင်ဘာလဆန်းမှာ ဝန်ခံထွက်ဆို ဖြောင့်ချက်ပေးခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဇွန် ၃၀ ရက်က ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်ကြောင်းတခုက  ဦးဂါကျေးရွာနားမှာ တပ်ချခဲ့ပြီး ဦးဂါကျေးရွာနေ အမျိုးသမီးတယောက်ကို  စစ်သည် ၃ ယောက်က အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးက စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့ အမှုဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းဟာ မှန်ကန်မှုမရှိကြောင်းနဲ့ ပြည်သူလူထု အထင်လွဲမှားစေဖို့ လုပ်ကြံဖန်တီးပြီး မမှန်သတင်းဖော်ပြတာသာ ဖြစ်ကြောင်း ဇူလိုင် ၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာမှ ပထမအကြိမ် စစ်မေးရာမှာ  ပြစ်မှုကျူးလွန်သူ ၃ ယောက်က ပြစ်မှုကျူးလွန်ခဲ့တာ မရှိကြောင်း လိမ်လည်ထွက်ဆိုခဲ့ပြီး နှစ်ဖက်သက်သေထွက်ဆိုချက်တွေ ကွဲလွဲမှုများပြားနေလို့ စက်တင်ဘာလဆန်းမှာ ပိုမိုတိကျတဲ့ စစ်ဆေးချက်တွေနဲ့  ဒုတိယအကြိမ် ထပ်မံစစ်ဆေးမှသာ  ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုဖြောင့်ချက်ပေးခဲ့တာလို့ ဆိုပါတယ်။  
2 years Ago
Up