တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်နေပြည်သူတွေဆီကနေ ငွေကြေးများစွာ ကောက်ခံခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
တနင်္သာရီတိုင်း မြိတ်မြို့ပေါ်မှာတော့ ရပ်ကွက်ကြီး ၁၂ ရပ်ကွက်ရှိပြီး ရပ်ကွက်တွေအလိုက် လူစည်ကားအောင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေဆီက ပိုက်ဆံကောက်ခံပြီး သင်္ကြန်ပွဲ စီစဉ်နေတာ ဖြစ်ပါတယ်။
မြိတ်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တွေအလိုက် ဈေးဆိုင်ဖွင့်ထားတဲ့အိမ်နဲ့ ငွေကြေးတတ်နိုင်တဲ့အိမ်တွေကို တအိမ် ကျပ် ၅၀,၀၀၀ နှုန်းကောက်ခံပြီး မပေးနိုင်တဲ့ အိမ်တွေအနေနဲ့ ကျပ် ၁၀၀၀၀ ငါးခါခွဲပြီးပေးလိုက်ရတယ်လို့ ငွေပုလဲရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြိတ်မြို့က ထားဝယ်စုရပ်ကွက်မှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စီးပွားရေးလုပ်ကိုင်တဲ့နေအိမ်တွေကို တစ်အိမ် ကျပ် ၂၀၀၀၀ နှုန်းနဲ့ ရေကစားမဏ္ဍပ် ဆောက်လုပ်ဖို့ကောက်ခံသွားတယ်လို့လည်း ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
အခုလို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေဆီက ငွေကြေး အတင်းအဓမ္မကောက်ခံပြီး ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်တွေ တည်ဆောက်ကာ လူစည်ကားအောင် ပြုလုပ်နေပေမဲ့ ပြည်သူအများစုကတော့ သွားရောက်ရေကစားတာမရှိပါဘူး။
မြန်မာတပြည်လုံး ဒုက္ခရောက်နေတဲ့အချိန် ရေကစား ပျော်ပါးနေတာကိုပြသပြီး စစ်ကောင်စီက ဝါဒဖြန့်ဖို့ လုပ်ဆောင်နေတာကြောင့် ပြည်သူလူတွေအနေနဲ့လည်း မပူးပေါင်းကြဖို့ မြို့ခံတချို့က တိုက်တွန်း ပြောပါတယ်။
ရန်ကုန် လှိုင်သာယာမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်မှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဟာ ရပ်ကွက်ထဲက အဆောင်တွေကို တစ်ဆောင်လျှင် ငွေကျပ် ၁၀၀၀၀ ပေးရမယ်ဆိုပြီး ရာအိမ်မှူးတွေကတဆင့် ကောက်ခိုင်းနေလယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ငွေကောက်ခိုင်းတာက ရပ်ကွက်ရုံး မျက်နှာကြက်ပြင်ဖို့နဲ့ ရုံးရှေ့မှာ လုံခြုံရေးတဲဆောက်ဖို့ဖြစ်ပြီး မတ်လ ၁၃ ရက်နေ့ နောက်ဆုံးထားပေးရမယ်လို့ ပြောဆိုကြောင်း ရပ်ကွက်နေသူတဦးကပြောပါတယ်။
အခုငွေကောက်ခိုင်းတဲ့အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကို ရပ်ကွက်နေထိုင်နေတဲ့သူတွေက အသိအမှတ်မပြုထားဘဲ စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း သုံးကြိမ်ဆန္ဒပြခဲ့ကြပြီးဖြစ်ပါတယ်။
စစ်ကောင်စီကအခုခန့်ထားတဲ့ အမှတ် ၁၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရွေးကောက်ပွဲစနစ်နဲ့ရွေးချယ်တဲ့အခါမှာ တစ်ကြိမ်မှ ပြန်လည်ရွေးချယ်ခံရခြင်းမရှိပါဘူး။