တနင်္သာရီတိုင်းက မြိတ်-ရန်ကုန်ကားလမ်းပိုင်းတွေက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ခရီးသည်တင်ကားတွေသာမက ကုန်ကားတွေကိုပါ စစ်ဆေးရေး တင်းကျပ်လာတဲ့အပြင် ငွေကြေး တောင်းခံတာတွေကြောင့် ငွေပေးပြီး သွားလာနေရတယ်လို့ ကုန်ကားသမားတွေက ပြောပါတယ်။
အရင်က မြိတ်-ထားဝယ်လမ်းပိုင်းတွေမှာ မြို့ဝင်ကြေးကိုသာ အဓိက ပေးရပေမဲ့ လက်ရှိမှာတော့ စစ်တပ်ရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကုန်ကားတွေကို အိတ်ဖောက် စစ်ဆေးနေသလို ငွေကြေး အလွန်အကျွံတောင်းတာတွေ ရှိလာနေတယ်လို့ ကုန်ကားမောင်းသူ တဦးက ပြောပါတယ်။
“ဂိတ်တခုကို ကျပ် ၄၀၀၀ မှ ၅၀၀၀ အထိ ပေးနေရတာပါ။ မြိတ်ကနေ ရန်ကုန်အထိဆိုရင် ဂိတ်တွေက များတော့ တွက်ကြည့်ပေါ့။”
အခုလို စစ်တပ်စစ်ဆေးရေး ဂိတ်တွေမှာ ကုန်ကားတွေ စစ်ဆေးခံနေရတာကြောင့် အချိန်ကြန့်ကြာမှု ဖြစ်ပေါ်လာသလို့ ငွေကြေးကုန်ကျမှုတွေလည်း များလာတာကြောင့် လုပ်ငန်း တချို့မှာ အခက်အခဲတွေ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီ ရေတပ်သင်္ဘောက ငါးဖမ်းလှေတွေဆီကနေ အဓမ္မ ငွေတောင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဆင်ခေါင်းရွာကနေ ပင်လယ်ထွက် ငါးဖမ်းတဲ့လှေတွေကို ရေတပ်က ပင်လယ်ထွက်ဝမှာ လှေတစီးကို တလ ကျပ် ၁၀၀၀၀ ကနေ ကျပ် ၃၀၀၀၀ အထိ အဓမ္မငွေတောင်းနေတာဖြစ်ပါတယ်။
ဆင်ခေါင်းရွာ ဒေသခံတယောက်က “ခု ပင်လယ်ထွက်ဝမှာ Navy ခေါ်တယ်ပေါ့၊ စစ်သင်္ဘောတစီးက ဆိုက်ကပ်ထားပြီး ငွေကောက်ခံနေပါတယ်။ ပုစွန်ရှာတဲ့ လှေတစီးကို တလ ကျပ်တသောင်း၊ မီးထွန်းလှေ(ကျော့ပိုက်လှေ) တစီးကို တလ သုံးသောင်း တောင်းနေပါတယ်။ ခုလက်ရှိလည်း လှေတော်တော်များများက ပေးပြီးသွားကြပြီ” လို့ ပြောပါတယ်။
ဆင်ခေါင်းရွာမှာ ပင်လယ်ထွက် ငါးဖမ်းတဲ့ လှေပေါင်း ၁၇၀ ကျော်ရှိပြီး အနားမှာရှိတဲ့ မြို့တောင်ရွာမှာလည်း မီးထွန်းလှေ ၁၀ ဖောင်၊ အစီး ၃၀ လောက်ရှိမယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ပိုက်ဆံမပေးရင် ပင်လယ်မထွက်ရဘူးလို့ ပြောတယ်။ ဘယ်သူ့ကိုမှ တိုင်လို့လည်း မရဘူးလေ။ ငွေပေးပြီးတော့ပဲ ထွက်ရတာပေါ့။ အခုက ငါးဖမ်းရာသီရောက်နေပြီကိုး” လို့ ပြောပါတယ်။
သံတွဲမြို့နယ် မောင်ရွှေလေးရွာမှာ ရေတပ်စခန်းရှိပြီး စစ်သင်္ဘောဟာ ပင်လယ်ထွက်ဝမှာ ကျောက်ချ ရပ်တန့်ထားတာ ၁၅ ရက်လောက်ရှိနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။
သံတွဲမှာ ပင်လယ်ကမ်းခြေကနေ တိုက်ရိုက် ပင်လယ်ထဲထွက်ပြီး ငါးဖမ်းတဲ့ တခြားဇုန်တွေလည်း ရှိနေသေးပြီး အဲဒီမှာလည်း ငွေကောက်၊ မကောက်ကိုတော့ မသိရသေးပါဘူး။