အွန်လိုင်းကနေ ဝင်ငွေကောင်းတဲ့ အလုပ်လုပ်ရမယ် လိမ်ပြောပြီး ထိုင်းနိုင်ငံသားတွေကို မြန်မာနိုင်ငံ မြဝတီမြို့သို့ တရားမဝင်ပို့ဆောင်ကာ အဓမ္မလုပ်အားခိုင်းစေခဲ့တဲ့ Call Center ဂိုဏ်းက အဓိကခေါင်းဆောင်တဦးဖြစ်သူ တရုတ်အမျိုးသား ၁ ဦးအား ဖမ်းဆီးရမိတယ်လို့ ထိုင်း အမျိုးသားရဲတပ်ဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။
အဆိုပါတရုတ်အမျိုးသားမှာ အသက် ၃၃ နှစ်ရွယ် ဟုန်ထိန်ယုံ ခေါ် အားယုံဖြစ်ပြီး ထိုင်းနိုင်ငံထဲကို ပြီးခဲ့တဲ့ မေလကမှ ဝင်ရောက်လာခဲ့ကြောင်း၊ သူဟာ လက်ဝှေ့ထိုးတော်ပြီး ထိုင်းမှာလည်း လက်ဝှေ့ကလပ်ဗန်းပြအနေနဲ့ ဖွင့်ထားကာ နောက်ကွယ်မှာ ကော်လ်စင်တာ လို့ခေါ်တဲ့ ငွေလိမ်ဂိုဏ်းကို ကြိုးကိုင်နေသူတဦး ဖြစ်တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် ကျီလဖုပ်ဖူမိတေချ်က ပြောပါတယ်။
ဒီမတိုင်ခင် မနှစ်က ထိုင်းနိုင်ငံသား ၇ ဦးဟာ အွန်လိုင်းပေါ်ကနေ ဝင်ငွေကောင်းတယ်ဆိုတဲ့ ကော်လ်စင်တာအလုပ်ရမယ်ဆိုလို့ လျှောက်ထားခဲ့ကြောင်း၊ အလုပ်ရှင်ဘက်က သူတို့ကို တာ့ခ်ခရိုင် မဲဆောက်မြို့ တရားမဝင်တောလမ်းကနေ မြန်မာဘက်ခြမ်း JinXin Holdings ကုမ္ပဏီကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကိုရောက်တဲ့အခါ ကွန်ပြူတာရှေ့မှာ တနေကုန် (၁၂ နာရီ) ထိုင်ပြီး ပရိုဖိုင်းပုံအမျိုးမျိုးနဲ့ လူတွေကို ချစ်ကြိုက်ချင်ယောင်ဆောင်ကာ ဆွဲဆောင်ပြီး အတူရင်းနှီးမြှုပ်နှံဖို့ ငွေလိမ်တောင်းပေး ရတဲ့အလုပ်ကို လုပ်ရတယ်လို့ ဆိုပါတယ်။
သတ်မှတ်ထားတဲ့ သားကောင်အရေအတွက်၊ ငွေပမာဏမရဘူးဆိုရင် အမှောင်ခန်းထဲ လှောင်ထားခံရကြောင်း၊ ဒါ့အပြင် လျှပ်စစ်ကျဉ်စက်နဲ့ အတို့ခံရတာ၊ ဆံပင်ရိတ်ခံရတာတွေရှိပြီး ထွက်ပြေးလို့မရ၊ အဲဒီကနေထွက်ချင်ရင် ဘတ်ငွေ ၅၀၀၀၀ ပေးရမယ်ဆိုလို့ သည်းမခံနိုင်သူတွေက မိဘဆွေမျိုးတွေကို ချေးငှားပေါင်နှံခိုင်းပြီး ငွေပေးကာ ထွက်လာခဲ့ရတယ်လို့ ဆိုပါတယ်။
ထွက်ပြေးလာသူတွေ တိုင်ကြားချက်အရ ရဲတပ်ဖွဲ့က ပါဝင်ပတ်သက်သူတွေကို စုံစမ်းရာမှာ အဆိုပါဂိုဏ်းထဲမှာ တရုတ်နိုင်ငံသား ၃ ဦး၊ မလေးရှား ၁ ဦး၊ မြန်မာ ၃ ဦး၊ ဖိလစ်ပိုင် ၂ ဦး၊ ထိုင်းနိုင်ငံသား ၁၁ ဦး ပါဝင်ကြောင်းသိရှိရပြီး တရားခံ ၇ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အားယုံကတော့ ၈ ဦးမြောက်ဖြစ်ကာ သူ့ကို တရားရုံးက ဖမ်းဝရမ်းစာနဲ့ အောက်တိုဘာ ၃၀ ရက်က ဘန်ကောက် ဘန်ခဲင်နယ်မြေ အနုဆာဝရီမြို့နယ် ရမ်းအင်ထရာလမ်းရှိ ကားပါကင်ရုံတခုထဲမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
အားယုံကတော့ သူဘာမှမသိရကြောင်း၊ သူ့ကိုဘာလို့ဖမ်းလဲဆိုတာလည်းမသိ၊ ကော်လ်စင်တာအဖွဲ့နဲ့လည်း လုံးဝမပတ်သက်ဘူးဆိုတာ ၁၀၀ ရာခိုင်နှုန်း ကျိန်ပြောရဲတယ်လို့ ထိုင်းဘာသာနဲ့ သတင်းထောက်တွေကို ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ သူ့ကို လူကုန်ကူးမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲထားပြီးနောက် လွတ်မြောက်နေတဲ့ ပါဝင်ပတ်သက်သူတွေအားလုံးကို ဖမ်းဆီးရမိဖို့ ကြိုးစားသွားမယ်လို့ ပြောသွားပါတယ်။
Ref-Matichon/Ch7
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ဘက် ရွာတစ်ရွာက အပြစ်မဲ့ရွာသားတစ်ဦးအား ဇူလိုင် ၂၅ ရက် နေ့လယ် ၁ နာရီခွဲလောက်က စစ်တပ်က ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်သွားပြီး အဓမ္မလုပ်အား ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက ဘယ်အဖွဲ့ကလဲဆိုပြီး ရိုက်နှက်စစ်ဆေးခံခဲ့ရတာလို့ ကာယကံရှင် ဖြစ်သူက ပြောပါတယ်။
“ကျနော်က သူတို့လာနေပြီဆိုလို့ ပုန်းနေသေးတယ်။ အချိန်ကြာတော့ သူတို့မရှိလောက်ဘူး အထင်နဲ့ အိမ်ကို နွားကျွေးပြန်တာမှာ အဖမ်းခံရတာဗျ။ ပထမတော့ ဘယ်အဖွဲ့စည်းထဲပါလဲ၊ ဘယ်နားမှာ လက်နက်ကိုင်တွေရှိလဲမေးပြီး ကျနော့်ကို လက်သီးတွေနဲ့ မျက်နာကိုထိုးတယ်၊ သေနတ်ဒင်တွေနဲ့ခေါင်းကိုရိုက်တယ်ဗျ။ သူတို့စစ်ဖိနပ်တွေနဲ့လည်း ကျောကုန်းတွေကိုကန်တယ်။ အဲလိုလုပ်ပြီး ကျနော့်ကို သူတို့ပါတဲ့ပစ္စည်းတွေကို ကျနော်နေတဲ့ရွာကနေ အလယ်ကျွန်းရွာအထိ ရိုက်နက်ပြီးသယ်ခိုင်းတယ်ဗျ။ အလယ်ကျွန်းရွာရောက်တော့ ကျနော့်ကို ပြန်လွှတ်တယ်။ သူ့တို ညှဉ်းပန်းနှိပ်စက်တာတွေ ဘယ်မီဒီယာ၊ ဘယ်လူကိုမှ မပြောဖို့ပြောပြီး ကျနော့်ကို ပြန်လွှတ်လိုက်တယ်။”
အခုလိုရွာသားတစ်ဦးကို ဖမ်းဆီးရိုက်နက်ပြီး ခေါ်ဆောင်သွားတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၉ ရက်နေ့က ကနီမြို့နယ်အတွင်း ယင်းကျေးရွာမှာ အပစ်မဲ့ရွာသား ၁၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ တပ်မ ၄၄၊ ခလရ ၂ က ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။