close

အဓိကရုဏ်း

close

November 27, 2022

အီရန်အမျိုးသမီးသေဆုံးမှုကြောင့်ဖြစ်လာသည့် အဓိကရုဏ်းတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံး

အီရန်နိုင်ငံမှာ စက်တင်ဘာလက အီရန်ကာ့ဒ်အမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားချိန် အတွင်း သေဆုံးသွားခဲ့ရာကနေ ဖြစ်ပွားလာတဲ့ "အဓိကရုဏ်း" မှာ Basij ပြည်သူ့စစ်အဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ သူတို့အသက်တွေကို စတေးခဲ့ကြရတယ်လို့ အီရန်ရဲ့ အဓိပတိ အယာတိုလာ အလီ ခါမေနီက နိုဝင်ဘာလ ၂၆ ရက်မှာ ပြောကြားပါတယ်။ 

“Basij ပြည်သူ့စစ်တွေဟာ လူသတ်သမားတွေ၊ သူပုန်တွေ၊ စာမတတ်သူတွေနဲ့ ကျွန်ပြုထားတဲ့သူတွေ ပါဝင်တဲ့ အင်အားတွေ အုပ်စုတွေရဲ့ရန်ကနေ တိုင်းပြည်ကို ကာကွယ်ဖို့ ၊ ဆူပူအုံကြွမှုတွေကနေ ကာကွယ်ဖို့ သူတို့ အသက်ကို စတေးခဲ့ကြတယ်။ တခြားသူရဲ့ ရက်စက်မှုကို တားဆီးဖို့ သူတို့ကိုယ်သူတို့ စတေးခဲ့ကြတယ်”လို့ ခါမေနီက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ 

အီရန်နိုင်ငံရဲ့ တော်လှန်ရေးအစောင့်တပ်တွေနဲ့ ချိတ်ဆက်ထားတဲ့ Basij တပ်ဖွဲ့ဟာ နိုင်ငံတဝန်း ပျံ့နှံ့နေတဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံတော်အဆင့်ဖြိုခွဲမှုမှာ ရှေ့တန်းကနေ ဦးဆောင်နေတာပါ။ 

စက်တင်ဘာ ၁၆ ရက်က နိုင်ငံအတွင်း တင်းကျပ်တဲ့ အစ္စလာမ့် ဝတ်စားဆင်ယင်မှု စည်းကမ်းတွေအတိုင်း လိုက်နာစေတဲ့ ကျင့်ဝတ်ထိန်းသိမ်း‌ရေး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မာဆာအာမီနီ သေဆုံးမှုကနေ ဖြစ်ပွားလာတဲ့ ဆူပူအုံကြွမှုကို အီရန်ရဲ့ ပြည်ပရန်သူတွေနဲ့ သူတို့ရဲ့အေးဂျင့်တွေက ကြိုးကိုင်နေတာ လို့ အာဏာပိုင်တွေက အပြစ်တင်ထားပါတယ်။

သောကြာနေ့အထိ ဆန္ဒပြသူ ၄၄၈ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် ၆၃ ဦး ရှိကြောင်း တက်ကြွလှုပ်ရှားသူ သတင်းဌာန HRANA က ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၅၇ ဦးလည်း သေဆုံးခဲ့ပြီး ခန့်မှန်းခြေ လူပေါင်း ၁၈၁၇၀ ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ 

3 hours Ago

May 26, 2022

မနီလာမြို့တွင် ဆန္ဒပြသည့် တက်ကြွလှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

ဖိလစ်ပိုင်မြို့တော် မနီလာမှာ မေ ၂၅ ရက်က ဒါဇင်ချီတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

အောက်လွှတ်တော် အဆောက်အဦဆီ ဦးတည်ဖို့ ကြိုးစားတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ရဲတွေက ရေအမြောက်တွေကို သုံးခဲ့ကြပါတယ်။

အောက်လွှတ်တော် အဆောက်အဦမှာတော့ သမ္မတနဲ့ ဒုသမ္မတတို့အတွက် မဲတွေကို အီလက်ထရောနစ် ရေတွက်စနစ်နဲ့ ရေတွက်ခဲ့ကြတာပါ။

ဘာယံမူနာနိုင်ငံရေးပါတီရဲ့ ပြောခွင့်ရသူက “ရဲတွေဟာ အင်အားသုံး နှောင့်ယှက်ခဲ့တယ်။ သူတို့ဟာ ပြည်သူ့ဝမ်းနည်းမှုအသံကို ထုတ်ဖို့ ကျနော်တို့ကို အခွင့်အရေး ပေးသင့်တယ်” လို့ ပြောခဲ့ပါတယ်။

လူထုအာဏာ တော်လှန်ရေးနဲ့ ဖြုတ်ချခံခဲ့ရတဲ့ ဖိလစ်ပိုင် အာဏာရှင်ဟောင်း မားကို့စ်ရဲ့ သားကြီး ဘုံဘုံမားကို့စ်ဟာ ဇွန် ၃၀ ရက်မှာ လက်ရှိသမ္မတ ရိုဒရီဂို ဒူဒါတေဆီကနေ သမ္မတရာထူးကို လွှဲယူပြီး ၂၀၂၈ ခုနှစ်ထိ သမ္မတတာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။

လက်ရှိသမ္မတ ဒူဒါတေရဲ့သမီးဖြစ်သူ ဆာရာဒူဒါတေကာပီယိုကတော့ သူ့ရဲ့ ဒုသမ္မတ ဖြစ်လာမှာပါ။

မားကို့စ်ဟာ အသက် ၆၄ နှစ် ရှိပြီဖြစ်ပြီး မဲပေါင်း ၃၁ ဒသမ ၆သန်း ဒါမှမဟုတ် မဲစုစုပေါင်းရဲ့ ၅၈ ဒသမ ၇၇ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။

6 months Ago
Up