ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့မှာ အခုရက်ပိုင်းအတွင်း လုယက်မှုတွေ၊ အနုကြမ်းစီးမှု၊ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဩဂုတ်လ ၃၀ ရက် တရက်တည်းမှာ ဆရာတော်ထံက ငွေလုယက်ခံရတာအပါအဝင် လုယက်မှု အနည်းဆုံး ၄ မှု လောက် ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ဩဂုတ် ၃၀ ရက်က ပေါက်ခေါင်းမြို့ကနေ ရိုးမဘက်အထွက်မှာ ထောင်ရကျောင်းဆရာတော်ရဲ့ကားကို လူတစုကတားဆီးပြီး လုတဲ့အတွက် ဆရာတော်က ငွေကျပ် ၃၀၀၀၀ ပေးလိုက်ရတယ်လို့ ဒေသခံက ပြောပါတယ်။
ပေါက်ခေါင်း မြို့လယ်ကျောက်ရုပ်အနီး လဝကရုံးရှေ့မှာလည်း ညနေ ၆ နာရီလောက်က ပေါက်ခေါင်း-ပြည်ကားဂိတ်မှာ ဈေးရောင်းပြီးပြန်လာတဲ့ စိန်ပန်း တို့ဟူး အသုတ်သည် အမျိုးသမီးထံကနေ လူ ၃ ယောက်က ပိုက်ဆံအိပ်ကိုလုခဲ့တာကြောင့် ငွေကျပ် ၇၀၀၀ နဲ့ မှတ်ပုံတင်ပါသွားပါတယ်။
အလားတူ ပေါက်ခေါင်းအမှတ်(၁) ဈေးမှာ ကြက်သားရောင်းတဲ့ အဘွားအို တဦးလုယက်ခံရသလို ဆံပင်နဲ့ အိုးခွက်ပန်းကန် လှဲလှယ် ဝယ်သူတယောက်ကတော့ ပေါက်ခေါင်းမြို့ကနေ ပြည်ဘက်ကိုအထွက် တောင်ဇင်း၀နားမှာလုယက်ခံခဲ့ရကာ ည ၉ နာရီ လောက်မှာလည်း တွန်းလှည်းနဲ့ ဝက်သားထုတ်ထိုးရောင်းသူတဦး လုယက်ခံခဲ့ရပါတယ်။
ဩဂုတ် ၂၉ ရက် ည ၁၀ နာရီလောက်မှာတော့ အမှတ်(၅၃)စစ်တပ်အနီး၊ စမ်းကလေးရွာက ဆန်စက်ကို လူတစုလာပြီးဓားပြတိုက်သွားက ရွှေ၊ ငွေနဲ့ ဆန်စက်က ဆန်အိပ်တွေကိုပါ ထော်လာဂျီနဲ့ သယ်ယူသွားပါတယ်။
ဒီမတိုင်ရက်ကတည်း ပေါက်ခေါင်းမြို့နယ် ကြက်ကုန်ကြီးကျေးရွာမှာ နေအိမ် ၂ အိမ် ရက်ခြားပြီး ဓားပြတိုက်ခံခဲ့ရပါတယ်။
စမ်းကလေးရွာသားတယောက်က “လူတွေငတ်နေကြတာ၊ တချို့ဆို ဆန်ပြုတ်သောက်နေရပြီ၊ တနေ့တုန်းကလည်း ဈေးထဲ ဈေးလာဝယ်တဲ့ အမျိုးသမီးတယောက်က ဆန် နို့ဆီဘူး နှစ်ဘူးလာဝယ်တယ်။ မေးကြည့်တော့ မိသားစုငါးယောက် ညမနက်စာ ဆန်ပြုတ်အတွက်တဲ့ ငတ်နေကြတာ”လို့ပြောပါတယ်။
ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေမှာ လုယက်မှုတွေ ဓားပြမှုတွေ များလာသလို လောင်းကစား ဝိုင်းတွေကလည်း အာဏာပိုင်တွေကိုငွေပေးပြီး ပေါ်ပေါ်တင်တင်လုပ် နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံရွာသားတယောက်က “စမ်းကလေးကျေးရွာမှာက နေ့တိုင်းလောင်းကစားဝိုင်းက လုပ်နေတာ။ ဖဲဝိုင်း၊ ဂျင်ဝိုင်း အစုံပဲ၊ တာလဘတ်ကြီးတွေမိုးပြီး ပေါ်တင်ပဲလုပ်နေတာ။ ဘယ်လောက်တောင် ပိုင်နေလဲမသိဘူး။ တရားဝင်လုပ်နေတာ။ ပေါက်ခေါင်းမြို့နဲ့ ဘာမှဝေးတာမဟုတ်ဘူး။ အဲ့ဒိတော့ လူတွေက ငတ်နေတဲ့အထဲ လောင်းကစားကလည်းရှိနေတော့၊ လူတွေလည်း ကြံမိကြံရာကြံပြီးလုပ်နေကြတာ။ ညနေဘက်ဆို ၇ နာရီ မထိုးသေးဘူး။ မြို့ထဲက မြို့လည်ခေါင်တောင် လူသွားလူလာ၊ ကားဆိုင်ကယ် အသွားအလာတောင်မရှိကြတော့ဘူး။ ကိုယ့်အိမ်ထဲကိုယ်နေတာတောင် မလုံခြုံကြတော့ဘူး၊ အခုက အရမ်းကို အတင့်ရဲနေကြတာ (၅၃) စစ်တပ်နားကရွာက ဆန်စက်တောင် အေးအေးဆေးဆေး ထော်လာဂျီနဲ့တောင် လာလုရဲသေးတယ်”လို့ ပြောပါတယ်။
အလုခံရသူ၊ ဓားပြတိုက်ခံရသူတွေ အားလုံးက ရဲစခန်းကို အယုံအကြည်မရှိလို့ မတိုင်ကြဘူးလို့လည်း ပေါက်ခေါင်းမြို့ခံ တယောက်က ပြောပါတယ်။
အခုလို လုယက်၊ ဓားပြမှုတွေနဲ့ ပတ်သက်ပြီး ပေါက်ခေါင်းမြို့မရဲစခန်းကို တယ်လီဖုံးနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမှာ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲကျပ်တည်းလာသလို တဖက်မှာလည်း ခိုး၊ ဆိုး၊ လု၊ နှိုက်၊ ဓားပြတိုက် စတဲ့ ရာဇဝတ်မှုတွေ ကိုပိုထူပြောလာကာ တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့ အခြေအနေဖြစ်လာနေပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့က နေအိမ်တအိမ် သြဂုတ် ၁၆ ရက် ည ၁ နာရီကျော်လောက်က အနုကြမ်းစီးခံရပြီး အိမ်ရှင်အမျိုးသမီး ဓားထိုးခံခဲ့ရပါတယ်။
ဓားထိုးခံသူ အမျိုးသမီး ဒေါ်မိုးရီက “မနေ့က ည ၁ နာရီလောက်မှာ ကျမနာမည်ကို ခေါ်တော့ ကျမအိမ်ရှင်ထင်ပြီး တံခါးဖွင့်ပေးလိုက်တာ မျက်နှာဖုံးစွပ်ထားတဲ့ လူ ၂ ယောက် ဝင်လာပြီး မအော်ဖို့ပြောတယ်။ အော်ရင် ဓားနဲ့ထိုးမယ်ဆိုပြီး ဓားနဲ့ထိုးလာတယ်။ ဓားဒဏ်ရာကြောင့် ကျမ သတိမေ့သွားတယ်။ အိမ်က ဘာတွေယူသွားသလဲဆိုတာတော့ စစ်ဆေးကြည့်ရဦးမှာပါ” လို့ ပြောပါတယ်။
ဓားထိုးခံရသူမှာ ဒေါ်မိုးရီ ၄၂ နှစ်ဖြစ်ပြီး ဘယ်လက်မောင်းတချက်နဲ့ ဘယ်ဝမ်းဗိုက်အောက်တချက် အထိုးခံရပြီး မောင်တောခရိုင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
နေအိမ်အနုကြမ်းစီးခံရပြီး အိမ်ရှင်အမျိုးသမီး ဓားထိုးခံရတာနဲ့ ပတ်သက်ပြီး မောင်တောမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၆၀ နဲ့ အမှုဖွင့်ထားကြောင်း မောင်တောမြို့မရဲစခန်း တာဝန်ရှိ အရာရှိတယောက်က ပြောပါတယ်။
“သူ့အမျိုးသားကတော့ အမှုဖွင့်လာတယ်။ ရွှေ၊ ငွေ ဘယ်လောက်ပါသွားတယ် ဆိုတာတော့ တိုင်ချက်မှာမပါဘူး။ ညအချိန် အိမ်ပေါ်တက်ပြီး ပြင်းထန်နာကျင်အောင် ပြုလုပ်စေမှု ရာဇသတ်ကြီးပုဒ်မ ၄၆၀ နဲ့ အမှုဖွင့်ထားတယ်။ တရားခံဖမ်းဆီးရဖို့ ကြိုးစားနေတယ်။”
မောင်တောမြို့မှာ သြဂုတ် ၁၄ ရက်ကလည်း စျေးဆိုင် ၄ ဆိုင် ဖောက်ထွင်းခံခဲ့ရပြီး သံသယရှိသူ ၂ ယောက်ကို ဖမ်းဆီးကာ ချုပ်ရမန်ရယူပြီး စစ်ဆေးနေကြောင်း မောင်တောမြို့မရဲစခန်းမှ သိရပါတယ်။