အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၂၆၈ ဦးအထိ ရှိလာခဲ့ပြီး ၁၅၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူက နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
အနောက်ဂျာဗားပြည်နယ်မှာ တနင်္လာနေ့က ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁,၀၈၃ ဦး ဒဏ်ရာရခဲ့ပြီး တခြား ၅၈,၃၆၂ ဦး နေအိမ်မှ ထွက်ပြေးခဲ့ရကြောင်းနဲ့ ငလျင်ငယ်တွေ နောက်ဆက်တွဲလှုပ်ခတ်မှုကြောင့် အိမ်ခြေ ၂၂,၀၀၀ လောက် ပျက်စီးခဲ့ရကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုအေဂျင်စီ အကြီးအကဲ ဆူဟာရ်ယန်တိုက ပြောကြားခဲ့ပါတယ်။
ငလျင်ဒဏ်သင့်သူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဆူဟာရ်ယန်တိုက ပြောပါတယ်။
အင်္ဂါနေ့ အစောပိုင်းမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ လုပ်ငန်းဆောင်ရွက်မှုတွေကို ဦးစားပေးလုပ်ဆောင်ဖို့နဲ့ ဘေးဒဏ်သင့်သူတွေကို အရင်ကယ်ဆယ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားရတဲ့ နေအိမ်တွေကို အစိုးရက ရူပီယာ ၁၀ သန်းကနေ သန်း ၅၀ အထိ လျော်ကြေးပေးမယ်လို့ သမ္မတက ပြောပါတယ်။
ဆောက်လုပ်မယ့် အိမ်အသစ်တွေဟာ ငလျင်လှုပ်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိရမှာ ဖြစ်ကြောင်းလည်း ဝီဒိုဒိုက အလေးပေး ပြောကြားခဲ့ပါတယ်။