ရုရှားသမ္မတဗလာဒီမာပူတင်က အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ရန်လိုမှုကို တန်ပြန်ဖို့ အမြန်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဧပြီ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားအစိုးရဟာ ယူရေးရှား၊ လက်တင်အမေရိကနဲ့ အာဖရိကနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးချဲ့မယ်လို့လည်း ပူတင်က ပြောပါတယ်။
ပူတင်က စိန့်ပီတာစဘတ်မြို့မှာ ကျင်းပတဲ့ ရုရှားလွှတ်တော်အမတ်များ အစည်းအဝေးမှာ ခုလို ပြောခဲ့တာပါ။
“ဒီနေ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ရန်လိုမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လွှတ်တော်၊ အစိုးရ၊ ဒေသဆိုင်ရာနဲ့ ဒေသန္တရအာဏာပိုင်တွေ အားလုံးစည်းလုံးညီညွတ်တဲ့ အဖွဲ့တစ်ခုအနေနဲ့ ရှင်းရှင်းလင်းလင်းနဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စု လွှတ်တော် ဆီပေးပို့တဲ့ သဝဏ်လွှာမှာ ပြောထားပြီးသားပါ။ အလုပ်ဟာ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ပြင်ပဖိအားတွေကို စောင့်နေဖို့ မဟုတ်ဘဲ လိုက်လျောညီထွေ ဖြစ်စေဖို့ မဟုတ်ဘဲ၊ ရေရှည်၊ အမှီအခိုကင်းပြီး အောင်မြင်မှုရရှိဖို့ အခြေခံတစ်ခု၊ အခြေခံအုတ်မြစ်ကို ဖန်တီးဖို့ပါ”လို့ ပူတင်က ဆက်ပြောခဲ့ပါတယ်။
ဘီလာရုစ်သမ္မတအလက်ဆန်းဒါ လူကာရှန်ကိုက နိုင်ငံတွင်းမှာနေရာချထားမယ့် ရုရှားပိုင် နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်တွေဟာ အနောက်နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ မတ် ၃၁ ရက်မှာ ပြောကြားပါတယ်။
အိမ်နီးချင်း ပိုလန်နိုင်ငံကတဆင့် ဘီလာရုစ်နိုင်ငံအပေါ် ကျူးကျော်ကာ နိုင်ငံကို ဖျက်ဆီးပစ်မယ့် အစီအစဉ်အတွက် အနောက်နိုင်ငံတွေဘက်က ပြင်ဆင်နေတယ်ဆိုပြီး လူကာရှန်ကိုက သူ့ရဲ့ နှစ်စဉ်မိန့်ခွန်းအတွင်း လွှတ်တော်အမတ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောဆိုခဲ့တာပါ။
ရုရှားသမ္မတပူတင်ကလည်း နိုင်ငံပိုင် နျူးကလီးယားလက်နက်တွေကို ဘီလာရုစ်နိုင်ငံမှာ နေရာချထားမှာဖြစ်တယ်လို့ မတ် ၂၅ ရက်မှာ ပြောဆိုထားပါတယ်။
ဒါကြောင့် ၁၉၉၁ ခုနှစ်က ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း နျူးကလီးယား လက်နက်ကြီးတွေကို နိုင်ငံ နယ်နိမိတ်ပြင်ပမှာ ပထမဆုံးဖြန့်ကြက်နေရာချမှု ဖြစ်လာမှာပါ။
အမေရိကန်နိုင်ငံနဲ့ မဟာမိတ်တွေက လူကာရှန်ကိုရဲ့ ၂၈ နှစ်ကြာ အာဏာဆုပ်ကိုင်ထားမှုကနေ သူ့ကိုဖြုတ်ချနိုင်ဖို့ ဖိအားပေး လှုံ့ဆော်ခဲ့ပြီးနောက် ဒီဒုံးကျည်တွေကသာ အကာအကွယ်ပေးနိုင် မယ်လို့လည်း ဆိုပါတယ်။
မတ် ၃၁ ရက် မိန့်ခွန်းထဲမှာ ယူကရိန်းနိုင်ငံအတွင်း ချက်ချင်းအပစ်အခတ်ရပ်စဲဖို့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ပြေငြိမ်းမှုဆိုင်ရာ ဆွေးနွေပွဲတွေကိုပါ စတင်ဖို့ လူကာရှန်ကိုက တောင်းဆိုလိုက်ပါတယ်။
ဒါပေမဲ့ ရုရှားဘက်က ခြိမ်းခြောက်ခံရတယ် လို့ ယူဆလာပါက "ကြောက်စရာအကောင်းဆုံး လက်နက်" ကို အသုံးချဖို့ တွန်းအားဖြစ်လာနိုင်တယ်လို့လည်း ဘီလာရုစ်သမ္မတက သတိပေး ပြောဆိုခဲ့ပါတယ်။