close

အန္တရာယ်ကင်းပရိတ်ရွတ်

close

July 25, 2021

ရွှေတိဂုံဘုရားတွင် အန္တရာယ်ကင်းပရိတ်ရွတ်

မြန်မာနိုင်ငံမှာ လတ်တလော  ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားပြီး လူတွေရောဂါကူးစက် သေဆုံးမှု မြင့်တက်နေချိန်  ရန်ကုန်မြို့က တန်ခိုးကြီး ရွှေတိဂုံစေတီတော်မှာ သံဃာတော်တွေက အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဇူလိုင် ၂၅ ရက် မနက် ၆ နာရီမှာ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်မှ ရွှေတိဂုံဩဝါဒါစရိယဆရာတော်ကြီး ဆရာတော်ဘဒ္ဒန္တပ၀ရာဘိဝံသ (နိုင်ငံတော် ဗဟိုသံဃာ့၀န်ဆောင်) ဆရာတော်ကြီးရဲ့ ဩဝါဒမိန့်ကြားချက်အရ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၊ ရုံးအဖွဲ့မှူးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ဆရာတော် ၁၂ ပါးက  ရွှေတိဂုံစေတီတော် ဧည့်ခံတန်ဆောင်းမှာ  ကိုဗစ်စည်းကမ်းတွေနဲ့အညီ အန္တရာယ်ကင်း  ပရိတ်တရားတော်တွေ ရွတ်ဖတ်ပူဇော်ခဲ့ကြတာပါ။

မြန်မာနိုင်ငံတဝန်းမှာတော့ လတ်တလော မတရား စစ်အာဏာသိမ်းမှုကာလဟာ ၆ လနီးပါး ရှိလာခဲ့ပြီဖြစ်ကာ တကျော့ပြန် ကိုဗစ်-၁၉ ကြောင့် ရောဂါကူးစက်ခံရသူတွေ စံချိန်တင်မြင့်တက်နေပြီး သေဆုံးသူတွေလည်း ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၄,၅၂၇ ယောက်နဲ့ သေဆုံးသူ ၆,၇၅၆ ယောက်ထိ ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အား ကစားဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အစိုးရဆေးရုံတွေက ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရပြီး ဝန်ထမ်းအင်အားမလုံလောက်တဲ့အပြင် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကနေ ထောက်ပံ့မှု ဘာမှမရတာကြောင့် သေဆုံးနှုန်းနဲ့ ကူးစက် နှုန်း ပိုများလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

တချို့ဆေးရုံတွေမှာတော့ လူနာအဆမတန်များလာတာတွေကြောင့် ပိုးစစ်ဆေးပေးတဲ့ လုပ်ငန်းကို မဆောင်ရွက်ပေးနိုင်တော့လို့ လုပ်ငန်းရပ်ဆိုင်းတာတွေရှိခဲ့ပါတယ်။

ရဟန်းသံဃာတော်တွေ အများအပြားလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတာနဲ့  ပျံလွန်တော်မူတာတွေလည်း ရှိနေပါတယ်။

4 mins Ago

April 2, 2020

နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ ဝေဟင်မှ လေယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်ရွတ် 

ကပ်ရောဂါဘေးအန္တရာယ်ကင်းဝေးစေဖို့အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အမှူးပြုတဲ့ ဆရာတော်၊ သံဃာတော်တွေဟာ မနေ့က  လေယာဉ်နဲ့ ဧရာဝတီ မြစ်ကြောင်း တလျှောက် အန္တရာယ်ကင်းပရိတ်တရားတော်တွေ ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မနက် ၉ နာရီမှာ ဗန်းမော် ကျောင်းတိုက်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုတဲ့  ဆရာတော်တွေဟာ မြန်မာ့အမျိုးသားလေကြောင်း အထူးလေယာဉ်နဲ့ ရန်ကုန်မြို့က ထွက်ခွာကြပါတယ်။ ဒီနောက်ဧရာဝတီ မြစ်ကြောင်းတလျှောက် လေယာဉ် ပျံသန်းပြီး ရတနသုတ် ပရိတ်တော်၊ မေတ္တသုတ် ပရိတ်တော်၊ ဝဋ္ဋသုတ် ပရိတ်တော်၊ ဗောဇ္ဈင်္ဂသုတ် ပရိတ်တော်၊ ပုဗ္ဗဏှသုတ် ပရိတ်တော်နဲ့ ပဋ္ဌာန ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသ တို့ကို ရွတ်ဖတ်သရဇ္ဈာယ်ကာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ကပ်ရောဂါဘေးအန္တရာယ်ကင်းဝေးစေဖို့ မေတ္တာပို့သပေးကြတယ်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ- Samgha Mahanayaka
1 year Ago
Up