ထိုင်းနိုင်ငံမှာ အန်ဂျီအို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအပေါ်ထိန်းချုပ်မယ့် ဥပဒေမူကြမ်းကို အရပ်ဘက်အဖွဲ့အစည်းပေါင်း ၆၀ ကျော်မှ လူပေါင်း ရာနဲ့ချီပြီး ဘန်ကောက်မြို့တော်မှာ မေ ၃၀ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ ကိုယ်ကျိုးစီးပွါးကို ပဓာနမထားဘဲ အလှူရှင်တွေရဲ့ထောက်ပံ့ငွေတွေနဲ့ လှုပ်ရှားနေတဲ့ အန်ဂျီအိုတွေအနေနဲ့ အဖွဲ့ဆိုင်ရာအချက်အလက်တွေ၊ ငွေစာရင်းတွေကို အစိုးရထံမှာ ပွင့်လင်းမြင်သာတင်ပြရမယ့်အပြင် လူစုလူဝေးနဲ့ စီတန်းလှည့်လည်ဆန္ဒပြမှု ထိန်းချုပ်ဖို့တွေ ဥပဒေမူကြမ်းမှာ ပါရှိတယ်လို့ ဆိုပါတယ်။
ဒါဟာ အမျိုးသားလုံခြုံရေးအတွက် လုပ်ဆောင်ရတာလို့ အစိုးရဘက်က ပြောဆိုပေမယ့်လည်း အမျိုးသားလုံခြုံရေးထက် စစ်အာဏာရှင်ကအဖွဲ့အစည်းတွေအပေါ် ထိန်းချုပ်လိုခြင်းသာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဥပဒေမူကြမ်းအရ ဘဏ်စာရင်းဖွင့်သူအမည်ဖော်ပြဖို့ ပျက်ကွက်ပါက ဒဏ်ငွေ ဘတ် ၅၀,၀၀၀၊ ရက်လွန်ကြေး ၁ နေ့ ဘတ် ၁၀၀၀၊ ခွင့်ပြုချက်မရတဲ့အလုပ်ကို ဆက်လုပ်ပါက ဒဏ်ငွေ ၅ သိန်း၊ ရက်လွန်ခ ၁ နေ့ ဘတ် ၁၀၀၀၀ သတ်မှတ်တာတွေဟာ အာဏာပိုင်တွေရဲ့ အကျိုးစီးပွါးအတွက် သတ်မှတ်တာလို့ ဆန္ဒပြတဲ့အဖွဲ့အစည်းတွေက ဆိုပါတယ်။
စီတန်းလှည့်လည်ဆန္ဒပြရာမှာလည်း အကြောင်းအရာပေါ်လိုက်ပြီး ခွင့်ပြုပေးမယ်ဆိုတဲ့ အချက်က လည်း စစ်အာဏာရှင်ကိုထောက်ခံတဲ့ဆန္ဒပြပွဲဆိုရင် ခွင့်ပြုပြီး အစိုးရလုပ်ဆောင်ချက်တွေကို ကန့်ကွက်ဆန္ဒပြရင်တော့ ခွင့်မပြုဘဲ ဖမ်းဆီးမယ့် ခွဲခြားဆက်ဆံမှုရှိတဲ့ဥပဒေ၊ နိုင်ငံသားတိုင်းရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးကို ပိတ်ပင်တာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောပါတယ်။
ဆန့်ကျင်ကန့်ကွက်ရတဲ့ အကြောင်းအရင်း အချက်အလက်တွေကို ပြီးခဲ့တဲ့အပတ်က အစိုးရအိမ်တော်ထံစာပေးပို့ခဲ့ပေမယ့် အစိုးရဘက်က ဘာမှအကြောင်းပြန်ကြားတာမရလို့ ခုလို လူစုလူဝေးနဲ့ဆန္ဒပြရတာလို့ ဆိုပါတယ်။
ဆန္ဒပြသူတွေဟာ ဒီမနက် ၉ နာရီက ဘန်ကောက် ကမ္ဘာ့ကုလသမဂ္ဂရုံးမှာ သွားရောက်စာပေးပို့ ဆန္ဒပြပြီး ရာ့ချ်ဒမ်နိန်းလမ်းပေါ်ဆက်လက်စီတန်းလှည့်လည်ကာ အစိုးရအိမ်တော်ရှေ့မှာ ယာယီတဲ တွေထိုးပြီး တနေကုန်ထိုင်ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို NoNpoBill “ ပြည်သူများလူစုလူဝေးပြုလုပ်မှုပျက်ပြားစေမယ့်ဥပဒေကို ဆန့်ကျင် ခြင်း” လို့အမည်ပေးထားပြီး လက်ရှိလွှတ်တော်ထဲရောက်နေတဲ့ နိုင်ငံရေးပါတီတွေအားလုံးလည်း ပြည်သူနဲ့ တသားတည်းပါဝင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
သူတို့တောင်းဆိုမှုကို Move Forward ပါတီ၊ Pheu Thai ပါတီနဲ့ Thai region created Thai ပါတီ ၃ ခုကတော့ ထောက်ခံကြောင်း ပါတီအမှုဆောင်တွေက လာရောက်အားပေးပြော ကြားခဲ့ပါတယ်။
ဒီကနေ့ ဆန္ဒပြရာမှာ အန်ဂျီအိုအဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂ၊ ဖောင်ဒေးရှင်းနဲ့ လူမှုအခြေပြုအဖွဲ့ အစည်းပေါင်း ၆၇ ဖွဲ့ပါဝင်ပြီး ည ၇ နာရီလောက်မှာ လူစုခွဲခဲ့ကြပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အစိုးရအိမ်တော်နား ကပ်မလာအောင် ပိတ်ဆို့ဟန့်တားတာကလွဲလို့ ထိပ်တိုက်တွေ့တာ ဖမ်းဆီးခံရတာတွေတော့ မရှိပါဘူးဘူး။ ဆန္ဒပြသူတွေဟာ နောက်နေ့ တွေမှာလည်း အခုလိုလာရောက်ပြီးကန့်ကွက်ဆန္ဒပြမယ်လို့ ပြောသွားပါတယ်။
ကိုးကား - PBS / The reporters / Workpoint news
မြန်မာပြည်တွင်းမှာ ရှိတဲ့ အန်ဂျီအို ၊ အိုင်အန်ဂျီအိုစတဲ့ အသင်းအဖွဲ့တွေကို စနစ်တကျ သေချာ စိစစ်နေတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ အခုလိုပြောဆိုချက်အပေါ် ပြည်တွင်းမှာ ရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတော့ လူမှုကူညီရေးလုပ်ငန်းတွေမှာ မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြသလို တားဆီးကန့်သတ်ချက်တွေပိုတိုးလာပြီး ပြည်သူလူထု ထိခိုက်နစ်နာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတခုမှ ကျန်းမာရေးဝန်ထမ်းတဦးက “အိုင်အန်ဂျီအိုတွေဆိုရင် နဂိုကတည်းက သူတို့မှာ အမ်အိုယူ အရ activity တွေကို လုပ်ဆောင်ကြရတာနော်။ အဲဒါကို ပြန်လည်စိစစ်မယ်ဆိုတော့ ပြောရမယ်ဆိုရင် တကယ်လို့ပေါ့ အိုင်အန်ဂျီအိုတွေကို ဒီမှာ ဆက်နေလို့ မရအောင် တင်းကျပ်လာလို့ သူတို့က ဆက်မလုပ်တော့ဘူးဆိုရင် လိုအပ်ချက်တွေပဲ ပိုများလာမှာပေါ့။ ဒီတော့ လူထုကပဲ နစ်နာမှာပေါ့နော်။ အခု မြင်နေ၊ ကြားနေရတာတွေမှာလည်း ဆေးအထောက်အပံ့၊ ရိက္ခာအထောက်အပံ့တွေဆိုရင် သူတို့က ပေးမရောက်စေချင်တဲ့ သဘောတွေ ရှိတယ်နော်။ တချို့တရားဝင်အဖွဲ့အစည်းတွေကနေ ပေးတဲ့ အထောက်အပံ့တွေကို ကန့်သတ်တာမျိုးတွေ ရှိနေတယ်။ အခုဆိုရင် အရပ်ထဲမှာပေါ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျနော်တို့ အလုပ်တွေ လုပ်တဲ့အခါ အရင်ကလိုမျိုး မဟုတ်ဘဲနဲ့ မလိုလားအပ်တဲ့ ထောက်ခံချက်တွေ ခွင့်ပြုချက်တွေ လုပ်ခိုင်းတာ။ ပြီးတော့ ဒါတွေက သူတို့ကသာ စိစစ်တယ်လို့ပြောတာ။ အမှန်တကယ်က ကျနော်တို့ လုပ်နေတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အထောက်အပံ့တွေအပေါ် အဆင်ပြေလာအောင် စိစစ်တယ်လို့တော့ ကျနော်တို့က မထင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ မြန်မာပြည်တွင်း တိုင်းရင်းသားဒေသတွေအပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ အကူအညီလိုအပ်နေတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူလူထုတွေဆီကို လူသားချင်းစာနာမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီက နည်းမျိုးစုံနဲ့ ပိတ်ပင်တားဆီမှုတွေပြုလုပ်နေတဲ့ အတွက် အန်ဂျီအိုအဖွဲ့အစည်းတွေဟာ အကူအညီ ထိထိရောက်ရောက် ပေးအပ်နိုင်ခြင်း မရှိပါဘူး။
လူမှုအခြေပြုအရပ်ဖက်အဖွဲ့အစည်းတခုမှာ လုပ်ကိုင်နေတဲ့ စေတနာ့ဝန်ထမ်းတဦးက “နဂိုကတည်းက ဒီကာလမှာ ဘဏ်စနစ်က ပျက်သွားတယ်နော်။ အဲဒီတော့ ကျနော်တို့ ပြည်တွင်းအခြေစိုက်အရပ်ဘက်လူမှုအဖွဲ့အစည်း (NGO) တွေဆိုတာကလည်း ကျန်းမာရေးပဲဖြစ်ဖြစ်၊ လူသားချင်းစာနာမှု အထောက်အထားပဲဖြစ်ဖြစ် ဘာအထောက်အပံ့ပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် ဘဏ်စနစ်တွေပျက်သွားတဲ့အတွက်ကြောင့် ဒီအပေါ်မှာ သက်ရောက်မှုတွေ ရှိနေတာနော်။ တခါ သူတို့က အသင်းအဖွဲ့တွေနဲ့ပတ်သက်ပြီး စိစစ်မယ်ဆိုတာက ဘယ်လောက်ထိ စိစစ်မှာလဲပေါ့။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ သူတို့ စိစစ်တဲ့နေရာမှာ ကြုံလာနိုင်တာက ပုံမှန်ထက် ပိုပြီးတော့ အချိန်ကြာတာပေါ့ဗျာ။ လုပ်ငန်းတွေဆိုတာကလည်း ငွေကြေးရောက်လာမှ အထောက်အပံ့တွေ လုပ်လို့ရတာ။ အဲ့တော့ နဂိုကတည်းက လိုအပ်တဲ့ နေရာတွေ အချိန်မီပေးဖို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့ ပေးတဲ့နေရာမှာ ဒီလိုမျိုး မလိုအပ်တဲ့ စစ်ဆေးမှုတွေက ကြားခံလိုက်မယ်ဆိုရင် ရောက်သင့်တဲ့နေရာကို အချိန်မီ မရောက်နိုင်တော့ဘူးပေါ့။ ဆိုတော့ ဒီအဖွဲ့တွေကို သူတို့က ဘယ်လောက်ထိ ဖိအားပေးကြမှာလဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီဝင်တွေကတော့ ပြည်တွင်းမှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဖြစ်တဲ့ အန်ဂျီအို၊ အိုင်အန်ဂျီအိုနဲ့ စီအက်စ်အိုအသင်းအဖွဲ့တွေနဲ့ပတ်သက်ပြီး စည်းကမ်းနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကိုလည်း လိုအပ်ပါက ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ရေးဆွဲရမယ်လို့ မနေ့က အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။