နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရက်စ်က ထပ်မံ တောင်းဆိုလိုက်ပါတယ်။
ဂူးတားရက်စ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟာ့ခ်က“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုနောက်ထပ် ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေပေါ်မှာ အလွန် စိုးရိမ်စိတ်မကောင်းဖြစ်ရကြောင်းအတွင်းရေးမှူးချုပ်က ဖော်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့အတူ မြန်မာနိုင်ငံမှာ ဥပဒေမဲ့ စိတ်ထင်တိုင်းဖမ်းဆီးခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်”လို့ ဇန်နဝါရီလ ၃ ရက်က ထုတ်ပြန်မှုမှာ ပြောခဲ့ပါတယ်။
တရားဥပဒေရှေ့မှောက်မှာ လူတိုင်း တန်းတူညီမျှရှိစေရေး၊ အပြစ်ကင်းတယ်လို့ ကြိုတင်ယူဆချက်ရှိစေရေး၊ တရားမျှတပြီး ဘက်လိုက်မှုမရှိတဲ့ ပွင့်လင်းမြင်သာတဲ့ တရားခွင်မှာ စစ်ဆေးကြားနာမှုရစေရေးနဲ့ တရားခွင်မှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့် အာမခံချက်အပြည့်အဝရှိစေရေးတို့ကို ပိုမိုလေးနက်သက်ဝင်အောင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အ ရေးကြေညာစာတမ်းမှာ သတ်မှတ်ဖော်ပြထားပါတယ်လည်း သူကပြောပါတယ်။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဩဇာခံ စစ်ခုံရုံးကနေ အဂတိလိုက်စားမှုစွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့သီတင်းပတ်မှာ နောက်ထပ် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ရှိနေပြီဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ကလည်း မြန်မာစစ်အာဏာရှင်တွေကို စကားလုံးတွေနဲ့ ရှုတ်ချပြစ်တင်တာထက်ပိုတဲ့ အရေးယူမှုတွေပြုလုပ်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။
“သူတို့အပေါ် စကားလုံးတွေနဲ့ ပြစ်တင်ရှုတ်ချနေတာထက်ပိုတဲ့ အရေးယူမှုတွေကို ကမ္ဘာ့ခေါင်းဆောင်တွေက အကောင်အထည်ဖော်ဖို့လိုနေပါပြီ။ သူတို့ကိုလက်တွေ့အရေးယူဖို့ လိုနေပါပြီ” လို့ တွမ်အန်းဒရူးစ်က သူ့ရဲ့ တွစ်တာမှာရေးပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လည်လွှတ်ပေးဖို့တောင်းဆိုတာပါဝင်တဲ့ မြန်မာ့ရေးဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့လက ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ထားပါတယ်။
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အဖြစ် ဇန်နဝါရီ ၄ ရက်က အကျဉ်းသား ၇၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာတော့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရ ဦးအောင်ကိုတယောက်ကလွဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကတော့ ပါမလာခဲ့ပါဘူး။
ကမ္ဘာ့စားနပ်ရိက္ခာရှားပါးမှု အခြေအနေ ဒီထက်မဆိုးသွားစေဖို့ ယူကရိန်းနိုင်ငံရဲ့ သီးနှံတင်ပို့မှုကို အခြေအနေ ပုံမှန်ပြန်ဖြစ်အောင် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မေ ၁၈ ရက်က ပြောပါတယ်။
ရုရှား၊ ယူကရိန်း၊ တူရကီ၊ အမေရိကန်ပြည်ထောင်စု၊ အီးယူ ဥရောပသမဂ္ဂတို့နဲ့ ဒီကိစ္စ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“မျှော်လင့်ချက်တော့ ရှိပါတယ်။ ဒါပေမဲ့ အတော်လေး လုပ်ယူရဦးမယ်။ ရှုပ်ထွေးတဲ့ လုံခြုံရေးအခြေအနေ၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှုတွေ ရှိနေတာကြောင့် ဘက်အားလုံးမှာ အပြုသဘောဆောင်တဲ့ သဘောထားတွေ ရှိဖို့လိုတယ်” လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။
ဂူတာရက်စ်ဟာ အရင်လတုန်းက ရုရှားနဲ့ ယူကရိန်းကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး အခြေအနေတွေကို လေ့လာခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့ဟာ ကုလသမဂ္ဂမှာ ကမ္ဘာ့စားနပ်ရိက္ခာဆိုင်ရာ အစည်းအဝေးကို ဦးဆောင်ကျင်းပနေတာပါ။
အစည်းအဝေးမှာ ဂူတာရက်စ်က ယူကရိန်း ဆိပ်ကမ်းတွေမှာ သိုလှောင်ထားတဲ့ သီးနှံပို့ကုန်တွေ အားလုံးကို ဘေးကင်းလုံခြုံရေးနဲ့ ရုရှားနိုင်ငံက ထွက်တဲ့ ရိက္ခာတွေနဲ့ ဓာတ်မြေသြဇာတွေကို ကမ္ဘာ့ဈေးကွက်ထဲ အကန့်အသတ်မရှိဘဲ တင်ပို့ခွင့်ပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တာကို အကြောင်းပြုလို့ ကမ္ဘာ့ စားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။ အထူးသဖြင့် သီးနှံတွေ၊ စားသုံးဆီ၊ လောင်စာဆီ၊ ဓာတ်မြေသြဇာဈေးနှုန်းတွေ မြင့်တက်နေတဲ့ဒဏ်ကို ဆင်းရဲတဲ့နိုင်ငံတွေ ခံစားနေရပါတယ်။
ဒီလိုဖြစ်လာတာဟာ လူသန်း ဆယ်ဂဏန်းအတွက် စားနပ်ရိက္ခာ ရှားပါးပြီး အငတ်ဘေးသင့်နိုင်တဲ့ အခြေအနေ ရှိနေတယ်၊ အာဟာရချို့တဲ့တာ၊ အငတ်ဘေးဆိုက်တာ နှစ်နဲ့ချီ ဆက်ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
ယူကရိန်းဟာ ပို့ကုန်အတော်များများကို ဆိပ်ကမ်းကနေ တင်ပို့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားက ကျူးကျော်တိုက်ခိုက်တဲ့ အချိန်ကစလို့ ဆိပ်ကမ်းတွေကို မသုံးနိုင်တော့ဘဲ ရထား ဒါမှမဟုတ် ဒန်းနျူမြစ်ပေါ်က ဆိပ်ကမ်းငယ်လေးတွေကို အဓိက အသုံးပြုနေရပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြီးအကဲ ဒေးဗစ်ဘီးစလေက ရုရှားသမ္မတ ပူတင်ကို “ခင်ဗျားမှာ နှလုံးသားရှိရင် ဆိပ်ကမ်းတွေကို ပြန်ဖွင့်ပေးလိုက်ပါ။ ဒါဟာ ယူကရိန်း တနိုင်ငံတည်းနဲ့ ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ဒါဟာ အငတ်ဘေးဆိုက်တော့မယ့် ကမ္ဘာ့ဆင်းရဲသားတွေ အားလုံးနဲ့ဆိုင်တဲ့ ကိစ္စပါ” လို့ ပြောသွားပါတယ်။
ရုရှားနဲ့ ယူကရိန်းဟာ နှစ်စဉ် တကမ္ဘာလုံး စားသုံးနေတဲ့ ဂျုံအားလုံးရဲ့ သုံးပုံတပုံနီးပါးကို ထုတ်လုပ်နေတာပါ။
ယူကရိန်းဟာ ပြောင်း၊ မုယောစပါး၊ နေကြာဆီ အဓိကတင်ပို့တဲ့နိုင်ငံ ဖြစ်သလို ရုရှားနဲ့ ယူကရိန်းစစ်မှာ ရုရှားကို ထောက်ခံနေတဲ့ ဘီလာရုစ်နိုင်ငံဟာ ဓာတ်မြေသြဇာ ထုတ်လုပ်ရာမှာ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ အဓိက ထုတ်လုပ်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။