close

အန်ယူဂျီ

close

January 25, 2023

စစ်ကောင်စီနဲ့ အန်ယူဂျီတို့ရဲ့ ဆွေမျိုးပေါက်ဖော် ဒီပလိုမေစီ

အာဏာသိမ်းစစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ဟာ ထင်ရှားမြင်သာတဲ့ အရွေ့တခုကို တွန်းတင်ဖို့ အခု ၂၀၂၃ နှစ်ဦးကာလအစမှာ ခြေလှမ်းအသီးသီးနဲ့ ပြင်ဆင်လာပါတယ်။ ဒါကတော့ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်နဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိနေတာပါ။

အကြောင်းရင်းက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ကိုယ်တိုင်တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကလည်း တရုတ်နှစ်သစ်ကူးနေ့မှာ သတင်းစကားပါးတဲ့ သဝဏ်လွှာတစောင်ကို ပေးပို့ခဲ့ပါတယ်။

ဒီ အင်အားစုကြီးနှစ်ခုက ပြင်ဆင်တဲ့ ခြေလှမ်းဟာ တပြိုင်တည်းလှမ်းကြတာ ဖြစ်ပေမဲ့ ရည်ရွယ်ချက်နဲ့ ခံယူချက်ကတော့ ဆန်နဲ့ ဆန်ကွဲလို တန်ဖိုးချင်းက မတူညီနိုင်ဘူးဆိုတာကို အငြင်းပွားမယ် မထင်ပါဘူး။ ဆိုတော့ မြန်မာ့အိမ်နီးချင်းလည်းဖြစ် နိုင်ငံရေးနဲ့ စီးပွားရေးမှာ သြဇာအာဏာကြီးတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါ် ထားရှိတဲ့ ဒီအင်အားစုကြီးနှစ်ခုက ပေးပို့ခဲ့တဲ့ သတင်းစကားတွေကို ကြည့်ကြရအောင်ပါ။

တရုတ် တနိုင်ငံတည်းမူဝါဒ

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေနဲ့ မည်သူတရားပျက်ပျက် ကိုယ်မပျက်စေနှင့် ဟူသည့်အတိုင်း အိမ်နီးချင်းကောင်းပီသစွာ တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy) ကို အစဉ်ထောက်ခံရပ်တည်လျက် ရှိတာကို ပြောကြားလိုကြောင်းနဲ့ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးနေတဲ့ ဧကဝင်ရိုးမှ ဗဟုဝင်ရိုးကို ပြောင်းလဲနိုင်ရေးအတွက် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည့် ကိစ္စများအပေါ်မှာလည်း ကြိုဆိုအားပေးပါကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ တရုတ်လူမျိုးများအပြင် တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားတွေအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုး မရှိတဲ့ ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်းနိုင်ငံတခုဖြစ်ပြီး တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အိမ်နီးချင်းနိုင်ငံတခု ဖြစ်သကဲ့သို့ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဘက်နိုင်ငံတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှံ

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း  ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှံနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရပ်တည်ခဲ့တာကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနဲ့ နိုင်ငံတကာစာမျက်နှာ အထူးသဖြင့် ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီ မျက်နှာစာတို့တွင် ထောက်ခံကူညီပေးနေတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိတဲ့အကြောင်း သတင်းစကားပါးခဲ့ပါတယ်။

ဒီ့နောက် မိမိတို့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်နေတဲ့ စစ်အုပ်စုနဲ့အတူ မရပ်တည်ကြောင်း ပြသလိုက်ခြင်းဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မြန်မာပြည်သူတွေ အပေါ် အိမ်နီးချင်းကောင်းပီသကြောင်း သက်သေထူပြလိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အဆိုပါရပ်တည်မှုအတွက် မြန်မာပြည်သူတွေက အမြဲအမှတ်တရရှိနေမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် မြန်မာပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ လက်ရှိဆင်နွှဲနေတဲ့ တော်လှန်ရေးရဲ့ အောင်မြင်မှုအသီးအပွင့်တွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကျိုးစီးပွား အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ ရေရှည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘယ်နည်းနဲ့မှ ထိခိုက်မှုရှိစေလိမ့်မှာမဟုတ်ဘဲ ပိုမိုအကျိုးရှိစေလိမ့်မယ်လို့ ယုံကြည်စွာ အာမခံနိုင်ပါတယ်လို့ ကတိပေးခဲ့ပါတယ်။

သိပ်လှတဲ့ ခြေလှမ်း

နှစ်ဖက်အင်အားစုကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါ် ထားရှိတဲ့ ရပ်တည်ချက်တွေကို အခုလို အပြိုင်အဆိုင် ထုတ်ဖော်ပြောဆိုလာတဲ့အပေါ် တရုတ်နိုင်ငံရေးရာ ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက ဒီဗွီဘီကို အခုလို မှတ်ချက်ပေးပါတယ်။

“NUG က မြန်မာပြည်ရဲ့ ရှေ့ဆောင်နိုင်ငံရေးမှာ အိမ်နီးနားချင်းဖြစ်တဲ့ တရုတ်ပြည်နဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံချင်တယ်ဆိုတာကို ပြသရာရောက်တယ်။ ပြီးတော့ တရုတ်က NUG ကို သတိထားပြီး ဆက်ဆံနေတာကို NUG ကလည်း ဂရုစိုက်ပုံရတယ်။ အထူးသဖြင့် NUG ကို အနောက်နိုင်ငံတွေက သိပ်ပြီးတော့ ဂရုစိုက်ကြတဲ့အတွက် တရုတ်ကလည်း ဒါကို နည်းနည်းစိုးရိမ်ပုံရတယ်။ ဒါပေမဲ့ NUG ရဲ့ ဒီခြေလှမ်းကို ကျမ ထောက်ခံတယ်။ ဒါက မှန်တယ်။ ဒီလိုပဲလုပ်ရမယ်။ အိမ်နီးနားချင်းနိုင်ငံတွေမှာ သူ့နိုင်ငံရေးစနစ် ကိုယ့်နိုင်ငံရေးစနစ် မတူနိုင်ဘူး။ သူ့အမြင် ကိုယ့်အမြင် မတူနိုင်ဘူး။ သူလည်း သူ့အကျိုးစီးပွားပေါ်က စဉ်းစားမှာပဲ။ ကိုယ်လည်း ကိုယ့်အကျိုးစီးပွားပေါ်က စဉ်းစားမှာပဲ။ တသက်လုံး မိတ်ဆွေ ဆိုတာ မရှိဘူး၊ တူညီတဲ့ အကျိုးစီးပွားပဲ ရှိတယ်ဆိုတဲ့ စကားလေ။ ကြားဖူးမှာပါ။ အဲ့တော့ တရုတ်ပြည်က မြန်မာပြည်အပေါ်ထားတဲ့ စိတ်ဆန္ဒက မြန်မာပြည်ကို ငြိမ်းချမ်းစေချင်တယ်၊ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ အလားတူ NUG ရဲ့ စိတ်ဆန္ဒကလည်း ဒီသဘောပဲလို့ ကျမက ထင်တယ်။ ဒီနေရာမှာ ကျမက NUG ကို တော်လှန်ရေးလုပ်နေတဲ့အဖွဲ့အစည်း ဖြစ်တာကြောင့် စိတ်ချင်း သဘောချင်းတူတဲ့ တော်လှန်ရေးသမားလို့ မှတ်ယူထားတယ်။ ဆိုတော့ ကျမတို့ မြန်မာပြည်က တော်လှန်ရေးသမားတွေ လိုချင်တဲ့ ရည်မှန်းချက်နဲ့ တရုတ်က ထားရှိတဲ့ စိတ်ဆန္ဒက ဒီနေရာမှာ တူညီမှုတော့ရှိကြတယ်။ ပြီးတော့ ကျမတို့ ဗကပတွေ ပြောတဲ့ စကားတခုရှိပါတယ်။ တူတာတွေ တွဲလုပ်၊ မတူတာတွေ ခွဲလုပ် ဆိုတာလေ။ (ရယ်ရင်းနဲ့) ဆိုတော့ ဘာပဲပြောပြော NUG ရဲ့ ဒီခြေလှမ်းက လှတယ်လို့ ကျမတော့ ထင်တယ်။ ဘာလို့လဲဆို ကျမတို့ကလည်း တရုတ်ပြည်ကို ရန်သူလို သဘောမထားပါဘူး ဆိုတဲ့ ခြေလှမ်းလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ခြေလှမ်းကတော့ ကိုယ်ကျိုးစီးပွားအပေါ်မှာ ထားရှိတဲ့ ခြေလှမ်းသာ ဖြစ်ပြီး တရုတ်အနေနဲ့ကလည်း စစ်ကောင်စီနဲ့ မဆက်ဆံဘဲ နေလို့မရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေါက်တာလှကျော်ဇောက သုံးသပ်ထားပါတယ်။

“စစ်ကောင်စီအနေနဲ့ တရုတ်ကို လုံးတာကတော့ ကိုယ်ကျိုးစီးပွားအပေါ်ကနေ လုံးကြတာ။ ဒါကလည်း တရုတ်ဘက်က လိုအပ်တယ်ဗျ၊ စစ်ကောင်စီနဲ့ ဆက်ဆံဖို့ကလေ။ ဘာလို့လဲဆို စစ်ကောင်စီက အခုလောလောဆယ်မှာ သူက De facto Government ပေါ့နော်။ ဆိုတော့ တရုတ်ဘက်က ပြောစရာဆိုစရာ ရှိလာတဲ့အခါ ဒီ စစ်ကောင်စီကသူတွေနဲ့ ပြောရဆိုရမှာ ရှိတယ်လေ။ ဒီတော့ ဒီလူတွေနဲ့ သူက ဆက်ဆံရေးမပျက် ဆက်ဆံနေရတာပေါ့။ အဲ့တော့ သူတို့နှစ်ဦးကြားမှာ ဘာတူညီမှုရှိလဲဆိုတော့ စစ်ကောင်စီကလည်း သူ့အကျိုးစီးပွားအတွက် တရုတ်က သူ့ကို ထောက်ခံဖို့ လိုတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံရေးလေ့လာသူ သုတေသီတဦးကတော့ “မင်းအောင်လှိုင် အနေနဲ့ တရုတ်ကို ပြန်ကပ်ဖို့ ခြေလှမ်းပြင်နေပေမဲ့ တရုတ်က အခုအခြေအနေမှာ သိပ်အကပ်မခံချင်တဲ့သဘောရှိတယ်။ ဘာလို့လဲဆို အာဆီယံက တင်းခံနေတာရှိတယ်။ အာဆီယံက အသိအမှတ်မပြုပါဘူးလို့ ပြောနေတဲ့အချိန် တရုတ်က အသိအမှတ်ပြုလိုက်ရင် တရုတ်နဲ့ အာဆီယံ သွားငြိနိုင်တယ်လေ။ ဒီလိုဖြစ်မှာကို တရုတ်က မလိုလားဘူး။ ဒါကြောင့် မဲခေါင်အစည်းအဝေးလုပ်ဖို့ ဒီနှစ်က မြန်မာက အိမ်ရှင်လို့သိရတယ်။ ဒါကိုလုပ်ဖို့ မြန်မာက တရုတ်ကိုဖိတ်တဲ့အခါ တရုတ်က နိုးလို့ ပြောတယ်။ နိုးလို့ပြောလိုက်တဲ့အတွက် မဲခေါင်အစည်းအဝေး မလုပ်ဖြစ်လိုက်ဘူး။ ပုံမှန်ဆိုရင် တရုတ်က နိုးလို့ ပြောလေ့မရှိဘူးနော်။ ကျနော်ထင်တယ်။ တရုတ်နဲ့ အိန္ဒိယ အပါအဝင် အာဆီယံတချို့က ရွေးကောက်ပွဲလုပ်လို့ အပြောင်းအလဲဖြစ်လာပြီး တက်လာတဲ့အစိုးရကို လက်ခံရင် လက်ခံလိမ့်မယ်။ အခုလောလောဆယ် အနေအထားကတော့ လက်မခံဘူးဆိုတဲ့ အနေအထားတော့ ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နှစ် ၃၀ အတွင်း စစ်ကောင်စီ ပြုလုပ်ပေးတဲ့ အကြီးကျယ်ဆုံး တရုတ်နှစ်သစ်ကူးပွဲ

ဒါကြောင့်ပဲ မကြာသေးခင်က ကျင်းပပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ဟာ ရန်ကုန်မြို့မှာ နှစ်ပေါင်း ၃၀ အတွင်း အကြီးကျယ်ဆုံး တရုတ်နှစ်သစ်ကူးပွဲတော်တခု ဖြစ်တယ်လို့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ သုတေသီတဦးကလည်း အခုလို ထောက်ပြထားပါတယ်။

“တရုတ်နှစ်ကူးပွဲတော်က နှစ် ၃၀ အတွင်းမှာ အကြီးကျယ်ဆုံးလို့ပြောတယ်။ ရန်ကုန်မှာလုပ်တာလေ။ သုဝဏ္ဏအားကစားကွင်းကိုလည်း ပေးတယ်။ အဲ့မှာ ကြီးကြီးကျယ်ကျယ်လုပ်တယ်။ စကစခေါင်းဆောင် ကိုယ်တိုင်တက်တယ်နော်။ သူ့ရဲ့ မိန့်ခွန်း ဘာညာမှာလည်း မြန်မာက တရုတ်နိုင်ငံအနေနဲ့ မျက်နှာနှစ်ခုမရှိတဲ့နိုင်ငံလို့ ပြောတယ်။ တခါ တရုတ်ကလည်း မြန်မာက ကျနော်တို့အတွက် အရေးကြီးတဲ့ အိမ်နီးချင်းလို့ ပြောတယ်။ တဖက်မှာလည်း NUG က နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကလည်း တရုတ်ကို သဝဏ်လွှာပို့ခဲ့တာ ရှိတယ်။ အဲ့တော့ ကျနော်မြင်တာက စကစ ရော NUG ရော နှစ်ဖက်စလုံးက တရုတ်ကို အလေးထားတယ်ဆိုတာ ပြတာပေါ့နော်။ ပြီးတော့ တရုတ်ကို ချဉ်းကပ်ရတဲ့ အကြောင်းရင်းက ကျနော်ထင်တာတော့ တရုတ်က မြန်မာပြည်ရဲ့ စီးပွားရေးရော ပါတယ်။ ငြိမ်းချမ်းရေးလည်း ပါတယ်။ ကဏ္ဍပေါင်းစုံမှာ သူ့ကို ပြစ်ပယ်လို့ မရဘူးလေ။ သူတို့ရဲ့လက်က အများကြီးရှိတယ်။ တိုင်းရင်းသား EAO အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုရှိတယ်။ ဆိုတော့ ကျနော်ထင်တာက အားလုံးက ဂရုပြုပြီးတော့ ဆက်ဆံရတယ်လို့ပဲ မြင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်ဆီက တုံ့ပြန်မှု

စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခဲ့တဲ့ နှစ် ၃၀ အတွင်း အကြီးကျယ်ဆုံး တရုတ်နှစ်သစ်ကူးပွဲအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်က တရုတ်နှစ်သစ်ကူးပွဲတော်ကို အခုလို နိုင်ငံ့အကြီးအကဲကိုယ်တိုင် တက်ရောက်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး တက်ရောက်ချီးမြှင့်ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ နှစ်သစ်မှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ ဆွေမျိုးပေါက်ဖော် သံယောဇဉ်ကို ဆက်လက် လက်ဆင့်ကမ်းပြီး တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို စဉ်ဆက်မပြတ် ဖော်ဆောင်ကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရလဒ်တွေနဲ့ နှစ်နိုင်ငံပြည်သူတွေအတွက် အကျိုးကို ပိုမိုဖော်ဆောင်သွားမှာ ဖြစ်ကာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုတွေ အခုထက် ပိုမိုတိုးတက်ခိုင်မြဲပြီး အဓွန့်ရှည်တည်တံ့ပါစေဖို့ ဆုမွန်ကောင်း တောင်းပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

အာတူးဒီ

16 hours Ago

July 22, 2021

အန်ယူဂျီနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့များပူးပေါင်းပြီး ကိုဗစ်ထိန်းချုပ်ကုသရေးအဖွဲ့ ဖွဲ့စည်း

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကာကွယ်ထိန်းချုပ် ကုသပေးနိုင်ဖို့  အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF)ကို ဖွဲ့စည်းလိုက်ပြီး ရောဂါကုသထိန်းချုပ်ရေး လုပ်ဆောင်သွားမယ်လို့ အဖွဲ့က ကြေညာပါတယ်။ 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) ကို ဇူလိုင်  ၁၇ ရက်နေ့က  ဖွဲ့စည်းလိုက်တာဖြစ်ဖြစ်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် တိုင်းရင်းသားကျန်းမာရေးကော်မီတီ ဥက္ကဋ္ဌ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်ကဦးဆောင်ပြီး ဒုအဖွဲ့ခေါင်းဆောင် အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးတို့က တာဝန်ယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း တွေက တာဝန်ရှိသူတွေနဲ့ တတ်သိပညာရှင်တွေ ပါဝင်ကြောင်းလည်း ဖော်ပြပါတယ်။ တိုင်းရင်းသားကျန်းမာရေးကော်မတီမှာ တိုင်းရင်းသားကျန်းမာရေးအဖွဲ့ ၁၀ ဖွဲ့ ပါဝင်တယ်လို့ CTF ပြောခွင့်ရသူ  ပဒိုမန်းမန်းက ပြောပါတယ်။ 

“တိုင်းရင်းသားကျန်းမာရေးကော်မီတီက ကနဦး ကျနော်တို့ စုဖွဲ့ထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ရှိတာ ပေါ့နော်။ Back pack တို့ Mae Toa clinice တို့ တခြား တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းလည်းပါပါတယ်။ အဲဒီဟာတွေနဲ့ ကျနော်တို့ဒီဘက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ ဒီကိစ္စကတော့ တမျိုးသားလုံးရဲ့ တာဝန်ကိစ္စဖြစ်တဲ့အတွက် ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆက်စပ်ဆောင်ရွက်မှုတွေ လုပ်ရမယ်ဆိုပြီးတော့မှ ဇူလိုင် ၁၇ ရက်နေ့မှာဆွေးနွေးပြီးတော့မှ လုပ်ငန်းအဖွဲ့ကို စုဖွဲ့လိုက်တာဖြစ်ပါတယ်။”

CTF အဖွဲ့အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအပါအဝင် ရောဂါထိန်းချုပ်ရေးမှာ လိုအပ်တဲ့ အထောက်အပံ့များရနိုင်ရေး နိုင်ငံတကာမိတ်ဖက်အဖွဲအစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာအပြင်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

လက်ရှိ ကူးစက်မှုများပြားတဲ့ မြို့ကြီးလိုနေရာမျိုးတွေမှာ လုပ်ငန်းဘယ်လို လုပ်ဆောင်မလဲ ဆိုတာနဲ့ပတ်သက်လို့ ပဒိုမန်းမန်းက “အထူးသဖြင့် နိုင်ငံရေးအရ အကန့်အသတ်ရှိတဲ့နေရာမှာ နိုင်ငံရေးအရ အုပ်ချုပ်ရေးအရ conflict ဖြစ်တဲ့နေရာမှာကတော့ ကျနော်တို့ third party အနေနဲ့ UN Agency ကနေပြီး‌ ဝင်ရောက်ပြီးတော့မှပဲ ဆောင်ရွက်ဖို့အတွက် ကျနော်တို့ သဘောထားရှိပါတယ်။ အဲလိုနည်းနဲ့ပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယူအန်အေဂျင်စီတခုခုက အဲလိုနေရာတွေကို ဝင်ရောက်ဆောင်ရွက်ဖို့ ကျနော်တို့ သဘောထား ချမှတ်ထားတာတွေ ရှိပါတယ်။ ”

ကိုဗစ်-၁၉ ကာကွယ်ဆေးအပါအဝင် လိုအပ်တဲ့နည်းပညာ၊ ဘဏ္ဍာရေးအကူအညီတွေ အမြန်ဆုံးထောက်ပံ့ပေးဖို့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေနဲ့ အာဆီယံနိုင်ငံတွေကိုလည်း တောင်းဆိုထားပါတယ်။ 

မြန်မာနိုင်ငံမှာ  အရပ်သားအစိုးရလက်ထက် ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဖြစ်ပွားစဉ်က ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွေ ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ပေမယ့်  အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့  ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေ  ဖရိုဖရဲဖြစ်နေပါတယ်။ 

လက်ရှိ ကိုဗစ်တတိယလှိုင်းကာလမှာ  စစ်ကောင်စီက ရောဂါကာကွယ်ထိန်းချုပ်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက်  ပြည်သူလူထုအကြား ရောဂါကူးစက်ပြန့်ပွားမှု အဆမတန် မြင့်တက်နေပြီး နေ့စဉ် လူ ရာချီသေဆုံးနေရပါတယ်။

2 years Ago
Up