မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ သူ့ဘဝဇာတ်ကြောင်းနဲ့ နိုင်ငံရေးတိုက်ပွဲတွေကို ပုံဖော်ထားတဲ့ “အန်နဝါရဲ့ မပြောရသေးတဲ့ ဘဝဇာတ်လမ်း” ဇာတ်ကားအကြိုပြသပွဲကို မေ ၈ ရက်က တက်ရောက်ရင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ထပ်ပြီး ကတိပြုလိုက်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ အန်ဝါက ဆွေးနွေးမှုနဲ့ ဇာတ်ကြောင်းပြောဆိုမှုအားလုံးက ရာနှုန်းပြည့် အတိအကျမဟုတ်ပေမဲ့ ဒီဇာတ်လမ်းမှာ တင်ပြတဲ့ ပြဿနာတွေက တကယ့်ဖြစ်ရပ်မှန်တွေကို အခြေခံထားတယ်လို့ ပြောခဲ့ပါတယ်။
“ဒါက ပြောရမယ့်ဇာတ်လမ်းပါ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တိုက်ပွဲ ဆက်ဖြစ်နေတယ်” လို့ မြို့တော် ကွာလာလမ်ပူမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်ဝါက ပြောပါတယ်။
အတ္ထုပ္ပတ္တိဇာတ်လမ်းနဲ့ ပတ်သက်ပြီး အန်ဝါက ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေရဲ့ ထူးကဲတဲ့ ကြိုးစားအားထုတ်မှုအတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
သူ့ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေအတွက် နာကျင်ဝမ်းနည်းရလွန်းလို့ တချို့ဇာတ်ဝင်ခန်းတွေကို မေ့ပစ်လိုက်ရတာ ပိုကောင်းတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
ဇာတ်ကားအကြိုပြသပွဲကို အန်နဝါရဲ့ ဇနီးဖြစ်သူ ဝမ် အဇီဇာဝမ်အစ္စမေးလ်၊ ရုပ်ရှင်ဒါရိုက်တာ ဗီဗာ ဝက်စ်တီနဲ့ အဓိကသရုပ်ဆောင် ဖာရစ်ဒ် ကာမီးလ် ဇာဟာရီတို့လည်း တက်ရောက်ခဲ့ပါတယ်။
မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်ကို ဝန်ကြီးချုပ်အဖြစ် နိုဝင်ဘာ ၂၄ ရက်မှာ ခန့်အပ်ခဲ့ပြီး ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ကြောင်း ဆူလတန်နန်းတော်က ပြောကြားခဲ့ပါတယ်။
အန်ဝါနဲ့ ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယက်ဆင်တို့ ဦးဆောင်တဲ့ အဓိက မဟာမိတ်ပါတီကြီး နှစ်ခုစလုံးဟာ နိုဝင်ဘာ ၁၉ ရက် အထွေထွေရွေးကောက်ပွဲမှာ အစိုးရဖွဲ့ဖို့ ပါလီမန်မှာ လုံလောက်တဲ့ နေရာအရေအတွက် အများစုကို ချက်ချင်း ရှင်းရှင်းလင်းလင်း အနိုင်မရခဲ့ကြလို့ လွှတ်တော်ဟာ မကြုံစဘူး တန့်နေခဲ့ရတာပါ။
လိင်တူဆက်ဆံမှုနဲ့ ပြစ်ဒဏ်ကျ အကျဉ်းသားတဦး ဖြစ်ခဲ့ဖူးတဲ့ သက်တမ်းရှည် အတိုက်အခံခေါင်းဆောင် အန်ဝါရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမှုဟာ နှစ်ပေါင်း ၃၀ ကြာ ခရီးရှည်ကို ဖြတ်သန်းခဲ့ရတာပါ။
အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ အန်ဝါဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ နောက်တက်လာမယ့် တရားဝင်ဝန်ကြီးချုပ်အဖြစ် နီးစပ်ခဲ့ပေမဲ့ ဝန်ကြီးချုပ်ရာထူးကို နှစ်ပေါင်းများစွာ အကြိမ်ကြိမ် ငြင်းဆိုခံခဲ့ရပါတယ်။
အဲဒီကြားထဲမှာ သူဟာ လိင်တူဆက်ဆံမှုနဲ့ အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ထောင်ထဲမှာ ဆယ်စုနှစ်တခုနီးပါး နေခဲ့ရပါတယ်။ ဒီစွဲချက်တွေဟာ သူ့ကို နိုင်ငံရေးလောကမှာ နာမည်သေအောင် လှုံ့ဆော်တဲ့ လုပ်ကြံမှုလို့ အန်ဝါက ပြောခဲ့ပါတယ်။