close

အန်အယ်လ်ဒီထောက်ခံသူ

close

January 15, 2023

ကန့်ဘလူ၌ ကလေး ၃ ဦးအပါအဝင် အန်အယ်လ်ဒီထောက်ခံသူမိသားစုဝင် ၈ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာမှာ ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်းက အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပါအဝင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို ထောက်ခံတဲ့မိသားစုဝင် ၈ ဦး နေအိမ်မှာ သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက "ညက သေနတ်သံတွေ ကြားရတယ်။ မနက် အ‌စောကြီး လာသတ် သွားတာ။ သူတို့ အိမ်က ရွာအစွန်ပိုင်း ကျတယ်။ အန်အယ်လ်ဒီပါတီရုံး ဖွင့်ထားတဲ့ နေအိမ်လည်း ဖြစ်တယ်။ သတ်ခံရသူတွေက အိမ်ရှင် ဦးကျော်လှိုင်အပါအဝင် မိသားစုဝင် ရှစ်ယောက်လုံးကို သတ်သွားတာ။ အသက် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦး ၊ ၁၂ နှစ်နဲ့  ၁၅  နှစ်အရွယ် ကလေး ၂ ဦး လည်းသတ်ခံရတယ်"လို့ ပြောပါတယ်။

အသတ်ခံရတဲ့သူ ၈ ဦးကတော့  အသက် ၇၀ အရွယ် ဦးကျော်လှိုင်၊ အသက် ၆၅ နှစ်အရွယ် ဒေါ်မဲညွန့်၊ အသက် ၄၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ ဒေါ်နှင်းမြလှိုင်၊ ကိုမျိုးဝင်း၊ မနှင်းမြခိုင်နဲ့ မစုမြစံ ၁၅ နှစ်၊ မရွှေဘုံစံ ၁၂  နှစ်နဲ့ မောင်ခန့်ဇေယျာမျိုး  ၅  နှစ်တို့ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက "အခုသတ်ခံရတဲ့ မိသားစုက အန်အယ်လ်ဒီ ပါတီ‌ ထောက်ခံအား‌ပေးသူတွေဖြစ်တယ်။ ရိုးသားတဲ့ ဒီလို မိသားစုကို ရက်ရက်စက်စက်သတ်တာ ကြောက်အောင်ခြိမ်းခြောက်တာ မဟုတ်ဘူး။ လူစိတ် မရှိသတ်တာ"လို့ ပြောပါတယ်။

အဲဒီမိသားစုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ သတ်ဖြတ်တာ ဖြစ်တယ်လို့ ဒေသခံ တွေက ပြောဆိုကြ‌ပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

ဘယ်သူမှလည်း မမေးမြန်းရဲ မပြောရဲတာကြောင့် ရုပ်အလောင်းတွေကိုလည်း ဒီအတိုင်း ပစ်ထား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီး‌တွေ အားကောင်းရာဒေသဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလမှာလည်း ခဲနဲ့ပစ်ပေါက်ရာက စပြီး အန်ယ်လ်ဒီပါတီနဲ့ ကြံ့ခိုင်ရေးပါတီတို့ ပဋိပက္ခ ဖြစ်ပွားရာက အန်အယ်လ်ဒီ ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရ ပါတယ်။

12 mins Ago

May 28, 2022

မဟာအောင်မြေမြို့နယ်၌ အန်အယ်လ်ဒီထောက်ခံသူ ၁ ဦးကို သွေးသောက်အဖွဲ့က သတ်ဖြတ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာအရှေ့ရပ်ကွက်မှာနေထိုင်တဲ့ အန်အယ်လ်ဒီပါတီ ထောက်ခံအားပေးသူ ကိုလင်းကိုနိုင်ရဲ့နေအိမ်ကို မေလ ၂၆ ရက် ည ၈ နာရီလောက်က  သွေးသောက်အဖွဲ့က လာရောက်ရိုက်နှက်ဖမ်းဆီးသွားပြီး မနက်မှာအလောင်းလာ ပစ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသွားသူ ကိုလင်းကိုနိုင်ဟာ အသက် ၃၅ နှစ်ဝန်းကျင်ရှိပြီး သူ့ရဲ့ရုပ်အလောင်းကို ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်  ၂၆ လမ်း ၂၇လမ်းကြား ၅၄လမ်းဘေးမှာ မေလ ၂၇ ရက် မနက် ၇ နာရီလောက်က  သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။

"အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတာ။ အဒေါ်ဖြစ်သူက မဖမ်းဖို့တောင်းပန်တာကို ပါးတွေရိုက်ပြီး ခြေထောက်တွေနဲ့ ကန်သွားတယ်တဲ့။ ဒီနေ့ မနက်ရောက်တေ့ာ အလောင်းကို ချမ်းအေးသာစံ မြို့နယ်ထဲမှာ လာပစ် သွားတယ်။ နဖူးမှာ သေနတ်ကျည်ရာတွေနဲ့ ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကိုလင်းကိုနိုင်ကို  သွေးသောက်လူသတ်အကြမ်းဖက်အဖွဲ့က ဘာကြောင့် ဖမ်းဆီးသတ်ဖြတ်ခဲ့တယ် ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

သွေးသောက်အဖွဲ့ဟာ မန္တလေးနဲ့ ရန်ကုန်မှာ လူသတ်မှုတွေကျူးလွန်နေတဲ့ အဖွဲ့ဖြစ်ပြီး အန်အယ်လ်ဒီပါတီဝင်တွေ၊ ထောက်ခံဝန်းရံသူတွေကို ပစ်မှတ်ထားပြီး လိုက်လံသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကတော့ သွေးသောက်အဖွဲ့ဟာ သူတို့ဖွဲ့စည်းပေးထားတဲ့အဖွဲ့ မဟုတ်ဘူးလို့ ပြောနေပေမဲ့ အဆိုပါ လူသတ်မှုတွေကို ဖမ်းဆီးအရေးယူတာလည်း တကြိမ်မှ မရှိပါဘူး။ 

8 months Ago
Up