close

အန်အယ်လ်ဒီပါတီ ဝန်းရံသူ

close

January 15, 2022

ကံမမြို့နယ်တွင် အန်အယ်လ်ဒီ ဝန်းရံသူ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မကွေးတိုင်း၊ ကံမမြို့နယ်၊ ကြို့ပင်တိုက်နယ်မှာ အန်အယ်လ်ဒီပါတီကို ဝန်းရံခဲ့တဲ့ အရပ်သား ပြည်သူ အမျိုးသမီးနဲ့ အမျိုးသား စုစုပေါင်း ၆ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။

ဇန်နဝါရီ  ၁၄ ရက်နေ့က ၃ ယောက်၊ ၁၅ ရက်နေ့မှာ ၃ ယောက်၊ စုစုပေါင်း  ၆ ယောက်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ နေအိမ်‌တွေကနေ လာရောက်ဖမ်းဆီးသွားတာလို့  မိသားစုဝင်တွေထံက သိရပါတယ်။

မနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပုသိမ်- မုံရွာကားလမ်းပေါ်ရှိ ကြို့ပင်ကျေးရွာသားတွေဖြစ်တဲ့ ကြို့ပင်ကားဂိတ်အနီး ရွှေပန်းထိမ်လုပ်ငန်းလုပ်တဲ့  မမေလေး၊ ကားဂိတ်မှာ ကွမ်းယာရောင်းတဲ့ ကိုဝဏ္ဏ၊  လိုင်းကားဆွဲသူ ကိုမျိုးဇော်အောင်တို့ကို PDF ထောက်ပံ့ကူညီမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးသွားပါတယ်။

ဒီကနေ့မှာလည်း ရွှေဧရာ ဆောက်လုပ်ရေးပစ္စည်းဆိုင်က မဌေးဌေးဝင်း၊ ကောင်းသစ်စံ စားသောက်ဆိုင်က ကိုဇော်ကြီးနဲ့  ကြို့ပင်ဈေးတန်းက ကိုဇော်လေးတို့ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ကြို့ပင်ကျေးရွာသားတယောက်က “စစ်တပ်က NLD နဲ့ပတ်သက်တဲ့လူတွေကို PDF ထောက်ပံ့တယ်ဆိုပြီး လိုက်ဖမ်းနေကြတာ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က  ကြို့ပင်အုပ်ချုပ်ရေးမှူးအိမ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး သံသယနဲ့ ဖမ်းဆီးခံထားရသူတွေ မလွတ်မြောက်သေးဘူး” လို့ ပြောပါတယ်။

မနေ့က စစ်ကောင်စီတပ်တွေ ရွာထဲဝင်ဖမ်းစဉ် တောတွေထဲကို တိမ်းရှောင်နေသူတွေလည်းရှိပြီး သူတို့ တိမ်းရှောင်နေတဲ့စခန်းကိုလည်း စစ်ကောင်စီတပ်က မနေ့ကပဲ ဝင်ရောက် ပစ်ခတ်ခဲ့လို့ ၂ ယောက် သေဆုံးကာ ရွာသားအများစုက ထွက်ပြေးလွတ်မြောက်သွားပြီး နေရာပြောင်းကာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

9 mins Ago

October 7, 2020

ကျွန်းလှနှင့် ဇီးကုန်းတွင် အန်အယ်လ်ဒီပါတီ ဝန်းရံသူ သောင်းချီ အင်အားပြလှည့်လည် (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်နဲ့ ဇီးကုန်းမြို့တို့မှာ အောက်တိုဘာ ၆ ရက်က အန်အယ်လ်ဒီပါတီ ထောက်ခံဝန်းရံသူ အင်အားသောင်းနဲ့ချီပြီး ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်ခဲ့ကြပါတယ်။ ကျွန်းလှမြို့နယ်မှာ လူအင်အားတစ်သောင်းနီးပါး  မြို့တွင်းလမ်းတွေမှာ စီတန်းလှည့်လည်ခဲ့သလို ဇီးကုန်းမြို့နယ်မှာလည်း နေ့လည်ပိုင်းက လူအင်အားတစ်သောင်းနီးပါး လှည့်လည်ခဲ့တာလို့  အန်အယ်လ်ဒီ ပါတီဝန်းရံသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ကိုဗစ်စည်းကမ်းနဲ့အညီ  Mask တပ်ဖို့၊ မော်တော်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို  သတ်မှတ်အကွာအဝေးတိုင်း မောင်းနှင်ဖို့ သတ်မှတ်ထားပြီး လူအင်အားပြပွဲမှာ ထောင်ဂဏန်းသာ ပါဝင်ဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ လူအင်အားတဖြည်းဖြည်းများလာပြီး တစ်သောင်းနီးပါးအထိ ရှိလာတာလို့   အန်အယ်လ်ဒီပါတီဝန်းရံသူ ကျွန်းလှမြို့နယ်မှ ကိုညီညီဇော်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်နေချိန်ဖြစ်လို့ နိုင်ငံတဝန်းမှာ လူ ၃၀ ထက်ပိုစုဝေးခြင်းမပြုဖို့နဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ ထက်မပိုစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားပါတယ်။  ပါတီဝန်းရံထောက်ခံသူတွေအနေနဲ့ ယာဉ်အမျိုးမျိုးနဲ့ စုဝေးလှည့်လည် အင်အားပြတာတွေကို ယာယီဆိုင်းငံ့ထားကြဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကလည်း ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။  ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာလ ၅ ရက်နေ့ကလည်း အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ထောက်ခံသူ လူအင်အားတစ်သောင်းနီးပါးနဲ့ လှည့်လည်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ သတင်း- ချိုသဲကြည်
1 year Ago
Up