close

အန်အယ်လ်ဒီပါတီ

close

March 11, 2023

အင်းလေးတွင် အန်အယ်လ်ဒီပါတီထောက်ခံဝန်းရံသည့်ပြည်သူ ၂ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်ဒေသ၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ ချောင်းပါးရွာမှာနေထိုင်တဲ့ အမျိုးသမီး တယောက်နဲ့ နန်းပန်ဈေးကုန်ရပ်က အမျိုးသားတယောက်တို့ကို စစ်ကောင်စီက မတ် ၇ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မတ်လ ၇ ရက်ညက ချောင်းပါးရွာမှာနေထိုင်တဲ့ ဦးမျိုးအောင်ရဲ့နေအိမ်ကို စစ်ကောင်စီက ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး အိမ်မှာရှိတဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးရာမှာ သမီးဖြစ်သူ မဝါဝါအောင်ဖုန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အန်ယ်လ်ဒီ) ပုံတွေ တွေ့ရှိတယ်လို့ကာ ဖမ်းဆီးခဲ့သလို နန်းပန်ဈေးကုန်းရပ်က အန်အယ်လ်ဒီ တောင်ပိုင်းတာဝန်ခံ ဦးတင်မောင်ငွေကိုလည်းဖမ်းဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတဦးက “မတ်လ ၇ ရက်နေ့ည အစောပိုင်းက ချောင်းပါးရွာက ဦးကျော်စိုင်းအိမ်ကို ဧည့်စာရင်းကို အကြောင်းပြီ ဖုန်းတွေဝင်စစ်တယ်။ ပြီးတော့ ဦးမျိုးအောင်အိမ်ကို ဝင်စစ်တယ် သူ့သမီးရဲ့ဖုန်းထဲမှာ အန်အယ်လ်ဒီလက်ထက်က ရိုက်ထားခဲ့ဖူးတဲ့ပုံတွေ တွေ့လို့ ဆိုပြီး ဖမ်းသွား တယ်။ ပြီးတော့ နန့်ပန်ဈေးကုန်းက ကိုတင်မောင်ငွေကို ဖမ်းသွားတယ် ”လို့ ပြောပါတယ်။  

အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနဲ့ ဘုရားနီကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်(IPDF)အပါအဝင် မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူစစ်(PNA)ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

အဲ့ဒီနောက်ပိုင်းစစ်ကောင်စီက အင်းလေးဒေသအတွင်းက CDM ဝန်ထမ်းတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အန်အယ်လ်ဒီပါတီဝင်တွေနဲ့ PDFဆက်သွယ်တယ်လို့ သံသယရှိတဲ့သူတွေအပြင် အရပ်ဖက်လူမှုအသင်းအဖွဲ့တွေကို ပစ်မှတ်ထားစောင့်ကြည့်ကာဖမ်း ဆီးနေတယ်လို့လည်း ဆိုပါတယ်။

“အင်းလေးဒေသမှာ တိုက်ပွဲဖြစ်ပြီးကတည်းက စစ်တပ်နဲ့ ပျူပေါင်းပြီး မသင်္ကာရင် မင်္သာကာသလို ဘုန်းကြီးပါမကျန်ဘူး။ ဖမ်းဆီးတာတွေလုပ်နေတယ်။ သူတို့ ပစ်မှတ်ထား ဖမ်းဆီးနေတာကတော့ သူတို့ကို ဆန့်ကျင်မယ်ထင်တဲ့သူအကုန်လုံးကိုပဲ ဖမ်းဆီး နေတာပဲ။ အရင်က ဖမ်းခံရတဲ့သူတွေလည်းရှိတယ် တချို့တော့ ပြန်လွတ်လာတယ်။ ပြန်မလွတ်လာတာတွေလည်း ရှိတယ် ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အင်းလေးဒေသအတွင်းက အင်းတိန်ညောင်အုပ်ကျောင်းထိုင်ဆရာတော်နဲ့  PDF ၄ ဦး အရှင်ဖမ်းမိပြီး၊  PDF ၄ ဦး ကျဆုံးခဲ့တဲ့အပြင် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို PDFနဲ့ပတ်သက်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိဖမ်းဆီးထားသူ ၂ ဦးကို နန့်ပန်ရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

3 hours Ago

March 3, 2023

ဦးဖြိုးမင်းသိန်းနှင့် ဒေါ်စန္ဒာမင်း အပါအဝင် ၄ ဦးကို အန်အယ်လ်ဒီပါတီက ထုတ်ပယ်

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့  လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်း အပါအဝင် ၄ ဦးကို ပါတီကနေ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က မတ် ၃ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ 

မတ်လ ၂ ရက်မှာကျင်းပတဲ့ ပါတီဗဟိုအလုပ်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းနဲ့ ပါတီဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ ဒေါ်စန္ဒာမင်း၊  ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ကို  ပေးအပ်ထားတဲ့တာဝန်အားလုံး ရပ်ဆိုင်းတဲ့ အပြင် ပါတီဝင်အဖြစ်မှအပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်းနဲ့ သူတို့ရဲ့ ပြောဆိုဆောင်ရွက်မှုတွေ ဟာ ပါတီနဲ့ သက်ဆိုင်ခြင်း မရှိပါကြောင်း ထုတ်ပြန်လိုက်တာပါ။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန်သက်သေထွက်ဆိုသူတွေနဲ့ ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီး ပါတီမူဝါဒကို ဆန့်ကျင် လုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့ ပါတီဗဟိုကော်မတီဝင်တွေနဲ့ တိုင်းနဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေ၊ ဗဟိုရေးရာကော်မတီတွေရဲ့ တင်ပြလာချက်အရ အခုလိုဆုံးဖြတ်လိုက်တာလို့ဆိုပါတယ်။

ဦးဖြိုးမင်းသိန်းနဲ့  ဒေါ်စန္ဒာမင်းအပါအဝင် ပါတီကထုတ်ပယ်ခံရသူတွေဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖန်တီးပြီး ပြည်သူလူထုနဲ့ ကမ္ဘာကိုလှည့်စားဖို့ ကြံဆောင်နေချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တချို့က ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိတဲ့အပြင် ပါတီရပ်တည်ချက်ကိုဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံတဲ့ အထောက်အထားများ ရရှိထားတယ်လို့ ဆိုပါတယ်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်တွေ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ယခုနွေဦးတော်လှန်ရေးကာလမှာ ပါတီလုပ်ငန်းတာဝန်တွေကို ဗဟိုအလုပ်ကော်မတီအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်နေတယ်လို့ ပါတီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုခဲ့တဲ့ ရွှေချောင်းတွေနဲ့ ဒေါ်လာတွေရယူခဲ့တယ်ဆိုတဲ့ အဂတိအမှုအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တရားလိုပြသက်သေ အဖြစ်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

1 week Ago
Up