စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီးကုန်းကျေးရွာမှာ ဇွန်လ ၁၉ ရက် မနက်အစောပိုင်းက အန်အယ်လ်ဒီပါတီ ရပ်ကျေးရုံးကို စစ်တပ်က ဖျက်ဆီးသွားပါတယ်။
“အခုမနက်ပိုင်း အကြမ်းဖက်စစ်တပ်က ကျနော်တို့ ကျီးကုန်းရွာမှာရှိတဲ့ အန်အယ်လ်ဒီရုံးကို ဝင်ရောက်ဖျက်ဆီးတာတွေပြုလုပ်တယ်။ အဲဒီမှာ ဆိုင်းဘုတ်တင်ထားတွေပဲ ရှိတယ်။ ကျန်တာ ဘာမှ မရှိဘူး။ အဲဒီမှာရှိတဲ့ ပစ္စည်းတွေ ဖျက်ဆီးသွားတယ်။ အိမ်ရှင်တွေ မရှိဘူး။ ဆိုင်းဘုတ် မီးရှို့သွားတယ်”လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အန်အယ်လ်ဒီဗဟိုဌာနချုပ်နဲ့ ပြည်နယ်နဲ့တိုင်းရုံးတွေကို အကြမ်းဖက်စစ်ကောင်စီက ချိတ်ပိတ်တာ မြို့နယ်နဲ့ ရပ်ကျေးရုံးတွေကို ဖျက်ဆီးတာတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ပြုလုပ်နေတာဖြစ်ပါတယ်။
မန္တလေးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီတိုင်းရုံးနဲ့ ချမ်းမြသာစည်မြို့နယ်ရုံးတို့ကို ဇွန်လ ၁၃ ရက် ညပိုင်းမှာ အမည်မသိလူတစ်စုက ဖျက်ဆီးတာနဲ့ လစ်ပစ်ဗုံးနဲ့ ပစ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းပေါ်က ချိတ်ပိတ်ခံထားရတဲ့ အန်အယ်လ်ဒီပါတီတိုင်းရုံးကို သော့တွေ ရိုက်ဖျက်ဝင်ရောက်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးကာလမှာ တင်ထားတဲ့ ဗီနိုင်းတွေကိုလည်း စုတ်ဖြဲဖျက်ဆီးသွားပါတယ်။
ချမ်းမြသာစည်မြို့နယ် အန်အယ်လ်ဒီရုံးကိုတော့ လက်ဗစ်ဗုံး ၂ လုံးနဲ့ အပစ်ခံရပြီး တစ်လုံးကွဲကာ ကျန်တစ်လုံး မကွဲပဲ ကျန်ရစ်ခဲ့ပါတယ်။
“၈၈ တုန်းကလည်း အကြမ်းဖက်ဖို့ အဖွဲ့တွေ ဖွဲ့တယ်။ ပြည်သူအချင်းချင်း ရန်တိုက်တာတွေရှိတယ်။ အခုလည်း အဲ့ဒီလို ပုံစံလုပ်တာလို့ ပြောချင်တယ်။” လို့ အန်အယ်လ်ဒီပါတီ မန္တလေးခရိုင် အလုပ်အမှုဆောင်တစ်ဦးက ပြောပါတယ်။
ဇွန်လ ၁၃ ရက်နေ့က မန္တလေးမြို့ရှိ ရပ်ကွက်တချို့မှာ NUG/CRPH နဲ့ ပတ်သက်သူတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ သတင်းပေးတာတွေလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေကို လိုက်ကပ်ကြတဲ့အပြင် NUG/CRPH/PDF အလိုမရှိကြောင်း ဆန္ဒပြတာတွေလည်းရှိခဲ့ပါတယ်။