ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်က အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇော်ဝင်းကို စစ်ကောင်စီတပ်သားတွေက ဇွန် ၄ ရက်က ဖမ်းဆီးသွားပြီး နောက်တနေ့ ဇွန် ၅ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သူနဲ့ နီးစပ်သူတဦးကပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇော်ဝင်းကို NUG ၊ PDF အဖွဲ့တွေ ပြောက်ကျားတပ်ဖွဲ့တွေနဲ့ ဆက်သွယ်တာရှိလာမေးမြန်းကာ ပြန်လွှတ်ပေးခဲ့တာလို့ဆိုပါတယ်။
မြောင်းမြဒေသခံတဦးက “မြို့ပေါ်ကလက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း လာဖမ်းသွားတာ စဖမ်းကတည်းကထင်ပါတယ်။ တစ်ခုခုတော့ လွဲနေတယ်လို့။ အဖမ်းခံရစရာအကြောင်းကိုမရှိတာ။ ခံဝန်ထိုးပြီး အေးဆေးနေနေတာ မြို့ပေါ်မှာ ဟိုသွားလိုက် ဒီသွားလိုက် သူတို့မိသားစုတွေပဲ ပျော်နေကြတာ”လို့ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇော်ဝင်းနဲ့ လွှတ်တော်အမတ် ဒေါ်ခိုင်ဇင်ဦးတို့ဟာ ခံဝန်လက်မှတ်ထိုးပြီး မြို့မှာ အေးဆေးနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထံ ခံဝန်ထိုးကာ နိုင်ငံရေးပင်စင်ထုတ်နေတဲ့ အန်အယ်လ်ဒီ အမတ်အနည်းဆုံး ၁၈ ဦးထိရှိတယ်လို့ ပါတီနဲ့နီးစပ်သူတွေက ပြောပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်လှိုင် (ခေါ်) ကိုလှိုင်လှိုင်ကို နိုဝင်ဘာ ၈ ရက်မှာ စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မှာ ဖမ်းဆီးလိုက်တယ်လို့ မိသားစုထံက သိရပါတယ်။
မိသားစုဝင်တဦးက ''မနေ့က နေ့လယ် ၁ နာရီဝန်းကျင်လောက်က ရှမ်းပြည်နယ်၊ ရပ်စောက်မြို့အဝင်မှာ သူ့ညီ ကိုဇော်ဇော်နဲ့အတူ ဖမ်းဆီးခံလိုက်ရတာ။ တောင်ကြီးကို ခေါ်သွားတယ်လို့တော့သိရတယ်။ သူ့မှာ သွေးတိုးရောဂါအခံရှိလို့ သူ့ကျန်းမာရေးအတွက် စိတ်ပူတယ်'' လို့ ပြောပြပါတယ်။
ဦးဝင်းမြင့်လှိုင်ကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ဖမ်းဝရမ်းထုတ်ထားလို့ မတ်လပိုင်းကတည်း နေအိမ်ကနေ တိမ်းရှောင်နေစဉ် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဦးဝင်းမြင့်လှိုင်ဟာ ၂၀၁၅ ခုနှစ် ကနေ ၂၀၂၀ ဒုတိယအကြိမ် မကွေးတိုင်း ဒေသကြီးလွှတ်တော်ရဲ့ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်က အသက် ၈၄ နှစ်ရှိ ဦးဝင်းမြင့်လှိုင်ရဲ့ ဖခင်နဲ့ မိသားစုဝင်တွေကိုဖမ်းဆီးသွားပြီးနောက် သြဂုတ်လ ၂၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကာ စက်တင်ဘာ ၁၆ ရက်မှာ ဒုတိယအကြမ် ထပ်မံဖမ်းဆီးခဲ့ပြီး ၃ အကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့ကလည်း လူမနေတဲ့ ဦးဝင်းမြင့်လှိုင် (ခေါ်) ကိုလှိုင်လှိုင် ရဲ့ နေအိမ်ကို အမည်မသိလူတစုက ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက မတရားပုဒ်မတွေနဲ့အမှုဖွင့်ထားခံရလို့ ရှောင်တိမ်းနေရတဲ့ သူတွေရဲ့ မိဘဆွေမျိုးတွေနဲ့ ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းနေဆီးနေတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။