မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ရှိ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုးပိုင်ဆိုင်တဲ့ ဘော်ဒါဆောင်ကို ဒီဇင်ဘာ ၁၀ ရက် ဒီမနက် ၃ နာရီလောက်က မီးရှို့ခံလိုက်ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မြို့ခံတဦးက “မနက်အစောကြီးပဲ ဘော်ဒါဆောင်ဘက်မှာ မီးတွေလောင်နေတဲ့ အသံတွေကြားနေရတယ်။ မီးသတ်ကားလာငြှိမ်းနေတာလည်း ကြားရတယ်။ ဘော်ဒါဆောင်က အမျိုးသားဆောင် လောင်သွားတယ်။ လူတော့ အထိအခိုက် မကြားဘူး”လို့ ပြောပါတယ်။
နွားထိုးကြီးက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုး ပိုင်ဆိုင်တဲ့ အောင်ပန်းဝေ ဘော်ဒါဆောင်ကို စစ်ကောင်စီကဘက်က မီးရှို့သွားတာလို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သက သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဘယ်သူက ဘယ်လို မီးရှို့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ အတည်မပြုနိုင် သေးပါဘူး။
နိုဝင်ဘာ ပထမပတ်မှာလည်း နွားထိုးကြီးမြို့နယ် အန်အယ်လ်ဒီပါတီ မြို့နယ် နာယက ဦးသိန်းဌေးဝင်း ပိုင်ဆိုင်တဲ့ ကုန်စုံဆိုင် ၂ ထပ်တိုက် ၂ လုံးကိုလည်း ပျူစောထီးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
နွားထိုးကြီးမှာ အောက်တိုဘာနဲ့ နိုဝင်ဘာ ၂ လဆက်တိုက် ပျူစောထီးအဖွဲ့က အန်အယ်လ်ဒီပါတီ ခေါင်းဆောင်ပိုင်းတွေနဲ့ အကြီးစားထောက်ခံသူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ဒီဇင်ဘာ ၆ ရက်ကလည်း မင်းရွာသား ၆ ဦးကို ရွာပြင်ခေါ်ထုတ်သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့တယ်လို့ ရွာခံတွေက ဆိုပါတယ်။
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ ဇွန် ၂၂ ရက် မနက်ပိုင်းက အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးမလောင်အောင်ရမ်ရဲ့နေအိမ် ချိတ်ပိတ်ခံရတယ်လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။
"သူ့အိမ်က ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာဘဲ ယာယီဆောက်ထားတာ။ ခုနောက်ပိုင်း နေအိမ် ပြန်လည်တည်ဆောက်ဖို့ ပျဉ်တွေအများကြီး ဝယ်ထားတာ။ ခု အဲ့ဒီပျဉ်တွေနဲ့တကွ ချိတ်ပိတ်လိုက်တယ်။"
ဦးမလောင်အောင်ရမ်ဟာ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် နောင်မွန်မြို့နယ်မှာ အန်အယ်လ်ဒီ အမတ်တဦးအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဝရမ်းထုတ်ခံရကာ ဒီနေ့ချိန်ထိ ဘေးကင်းရာမှာ တင်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ မြောက်ဘက်ဆုံး နောင်မွန်မြို့နယ်ဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းအပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတဲ့မြို့နယ် ဖြစ်ပါတယ်။