close

အန်အယ်လ်ဒီ ထောက်ခံသူနေအိမ် ပါဆယ်ဗုံးကွဲ

close

November 18, 2021

ရေစကြို၌ ပြည်သူ ၆ ဦး ဖမ်းဆီးခံရ၊ အန်အယ်လ်ဒီ ထောက်ခံသူနေအိမ် ပါဆယ်ဗုံးကွဲပြီး ၄ ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊  ရေလယ်ကျွန်းဒေသ၊  ငတရော်ကျေးရွာသား  ၆ ဦးကို ရဲတပ်ဖွဲ့က  နိုဝင်ဘာ ၁၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျေးရွာဒေသခံတွေဆီကသိရပါတယ်။

ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျေးရွာရှိ   အန်အယ်လ်ဒီပါတီ ထောက်ခံသူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက် ဖမ်းဆီးခဲ့တဲ့အပြင် နေအိမ်တွေကို ဖျက်ဆီးသွားတယ်လို့ လည်း  ဒေသခံတစ်ဦးက ပြောပါတယ်။

“အဖမ်းခံရတာ ၆ ဦးဝန်းကျင်ဖမ်းခံရတယ်။ ဓားစာခံအဖြစ်ခေါ်သွားတာ တောကပြန်လာတဲ့ ညီအစ်ကိုနှစ်ယောက်ပါ ပါသွားတယ်။ ပျူစောထီးတွေရော ပါလာတာဆိုတော့ ဒလန်သတင်းပေး ကြောင့် အဖမ်းခံရတာပါ။” 

လက်နက်ကိုင်ရဲတွေဟာ မင်းရွာဘက်ကနေ ဘိစပ်ကုန်းဘက်ကို အင်အားအလုံးအရင်နဲ့ ဝင်လာတာမှာ အရင်ရက်တွေကလို ထိုးစစ်ဆင်မလာတော့ပဲ နေရာအသီးသီးက ဖြန့်ကျက်ပြီး ကျေးရွာတွေထဲ  ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။

မိုးကွဲကျေးရွာအရောက်မှာ ကျေးရွာသားတစ်ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ်သုံးကာ လမ်းပြ ခေါ်ဆောင်သွားပြီး လက်နက်ကြီးတွေနဲ့ ကျေးရွာအတွင်းပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ 

ဒေသခံရွာသား တစ်ဦးက “ဒီတခါ သူတို့ လာတဲ့ဘက်တွေမတူဘူး ငတရော်ကိုလာတဲ့အဖွဲ့က နန်းဦးကလာတဲ့အဖွဲ့၊ ဘိစပ်ကုန်းကိုလည်းဝင်မွှေနေတယ်။ မိုးကွဲရွာရောက်တော့ မိုးကွဲသား တစ်ယောက်ကို ဖမ်းပြီးရှေ့က သွားခိုင်းတယ်။ မိုးကွဲရွာထဲပတတ်ပြီး တချို့က ယူနီဖောင်းမပါဘူး အရပ်ဝတ်တွေနဲ့ ကံဦးရွာခြေအရောက်မှာ  လက်နက်ကြီးတွေနဲ့ ပစ်တယ်။  ရဲခွေးတွေ လာတယ်ကြားတော့ မြောက်လက်ကလူတွေ ထွက်ပြေးကြတယ်။ ရွာလည်း အတော်သနားစရာ ကောင်းနေပြီ။” လို့ ပြောပါတယ်။

ဒီနေ့ ညနေ ၃ နာရီဝန်းကျင်မှာတော့ မြေတော်ကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေက  လိုက်လံရှာဖွေခဲ့တယ်လို့  သိရပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်တွေက အပြစ်မဲ့ပြည်သူ ၁၀ ယောက်ကို လက်ပြန်ကြိုးတုပ် ဖမ်းဆီး ခဲ့ပါသေးတယ်။

ရေစကြိုမြို့ပေါ်မှာတော့ အန်အယ်လ်ဒီ ထောက်ခံသူရဲ့ နေအိမ်မှာ  ပါဆယ်ဗုံး ပေါက်ကွဲပြီး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

ပါဆယ်ထုပ်ကို  ဆိုင်ကယ်စီးသမားတဦးက  အမှတ်(၁) ထင်းတန်းရပ်ကွက်မှာနေထိုင်တဲ့ အန်အယ်လ်ဒီအမာခံတက်ကြွလှုပ်ရှားသူ ဦးအေးလှိုင်နဲ့ ဒေါ်မာစီတို့ရဲ့ အိမ်ရှေ့မှာ လာရောက်ပစ်ချသွားတာကြောင့်  ပါဆယ်ဘူးကို  ဖွင့်ကြည့်ရာမှာ ဗုံးကွဲပြီး လူ ၄ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

1 min Ago
Up