close

အန်အယ်လ်ဒီ ထောက်ခံသူ

close

December 11, 2021

ဝက်လက်မြို့နယ်၌ အန်အယ်လ်ဒီထောက်ခံသူ ၃ ဦး၏ နေအိမ်များ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာမှာ ဒီဇင်ဘာ ၁၀ ရက် မနက်က အန်အယ်လ်ဒီ ထောက်ခံသူ ၃ ယောက်ရဲ့ နေအိမ်တွေကို သလဲဘာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပူးပေါင်းပြီး လာရောက်မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“တရွာလုံးထွက်ပြေးရတယ်။ ခဏနေတော့ ရွာထဲက မီးခိုးလုံးတွေတက်လာတာကို ရွာအပြင်ကနေပဲ မြင်လိုက်ရတာ။ မီးရှို့ပြီး တော်တော်ကြာတဲ့အထိ  ဒီကောင်တွေ ရှိသေးလို့ ဘယ်သူမှလည်း ရွာထဲပြန်ဝင်ပြီး မငြှိမ်းနိုင်လိုက်ဘူး။"လို့ ရွာခံတစ်ဦးက ပြောပါတယ်။

ဘာကြောင့်မီးရှို့တယ်ဆိုတာ ရေရေရာရာ မသိရပေမဲ့ မီးရှို့ခံရတဲ့ နေအိမ်တွေဟာ အန်အယ်လ်ဒီ ထောက်ခံအားပေးသူတွေဖြစ်တဲ့  ဦးသောင်းနိုင်၊ ဦးကျော်လင်းနဲ့ ဦးမြင့်သိန်းတို့ရဲ့ နေအိမ်တွေဖြစ်တယ်လို့သိရပါတယ်။

သလဲဘာကျေးရွာက ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက် အခုလိုနေအိမ်တွေ မီးရှို့ခံရတာလို့  ဆိုပါတယ်။

ဝက်လက်မြို့နယ်ထဲက ရွှေအိုးရ၊ သမ္မရိုး၊ ရွှေပန်းကုန်း၊ ကျောက်ကုန်း၊ သစ်ဆိမ့်၊ မြင်းသည်၊ နဘဲလှ၊ ရုံးပင်ကုန်းစတဲ့ကျေးရွာ ၈ ရွာမှာလည်း  စစ်တပ်က  ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ 

Photo-CJ

2 mins Ago

September 30, 2020

မြောင်းမြတွင် ကြံ့ခိုင်ရေးနှင့် အန်အယ်လ်ဒီ ထောက်ခံသူ ရာနှင့်ချီ အပြိုင်လှည့်လည်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှာ စက်တင်ဘာ ၂၉ ရက်က အင်အားကြီးပါတီ ၂ ခုဖြစ်တဲ့ အန်အယ်လ်ဒီပါတီနဲ့  ကြံ့ခိုင်ရေးပါတီ ထောက်ခံဝန်းရံသူတွေဟာ မြို့အတွင်း အပြိုင်လှည့်လည် အင်အားပြခဲ့ကြပါတယ်။ မြောင်းမြမြို့ ကွယ်လွယ်၊ မြဟေမာရပ်ကွက်နဲ့ မြစန္ဒာရပ်ကွက်ရှိ ပါတီ ၂ ခုရဲ့ ရပ်/ကျေးရုံးတွေ ဖွင့်ပွဲပြုလုပ်အပြီဂမှာ  အန်အယ်လ်ဒီ ပါတီဝန်းရံသူ ၁၅၀ ကျော်နဲ့ ကြံ့ခိုင်ရေးပါတီ ဝန်းရံသူ ၅၀၀ ကျော်တို့က အင်အားပြ လှည့်လည်ခဲ့တာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေ ထံက သိရပါတယ်။ မြောင်းမြမြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုက “ပါတီတာဝန်ရှိသူတွေက အင်အားပြလှည့်လည်တာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။ ကား ၄ စီး၊ ထော်လာဂျီ ၂ စီးနဲ့ ကျန်တာက ဆိုင်ကယ်တွေနဲ့ ထွက်ကြတာ။ ဝန်းရံသူတွေက ဘယ်လိုမှ ပြောလို့မရဘူး။ အခုလို အင်အားပြ ထောက်ခံတာတွေက ရွေးကောက်ပွဲအတွက်လည်း အဓိကမကျပါဘူး။ အိမ်ထဲမှာပဲ နေကြပါ” လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ လူ ၃၀ ထက်ပိုမစုဖို့နဲ့ ပြည်သူတွေ အသွားအလာ၊ အရောင်းအဝယ်တွေ ကန့်သတ်တားမြစ်ထားချိန်မှာ ခုလိုနိုင်ငံရေးပါတီတွေကို ဝန်းရံ ထောက်ခံသူတွေက လူစုလူဝေး ပြုလုပ်ပြီး ထောက်ခံအင်အားပြ လှည့်လည်မှုတွေ ပြုလုပ်နေတာကို မြို့ခံပြည်သူတွေက ထိတ်လန့်စိုးရိမ်နေတယ်လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမြင့်နိုင်ကတော့  နိုင်ငံရေး ပါတီထောက်ခံဝန်းရံသူတွေ ထောက်ခံအင်အားပြ လှည့်လည်တာတွေနဲ့ ပတ်သက်ပြီး တင်ပြတာတွေ မရှိသလို ခွင့်ပြုထားတာလည်း မရှိဘူးလို့ ဒီဗွီဘီကို  ပြောပါတယ်။ မြောင်းမြခရိုင်ပြည်သူ ဆေးရုံကြီးမှာ စက်တင်ဘာလ ၂၉ ရက် ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး ကုသမှုခံယူနေတယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)
1 year Ago
Up