close

အနှိပ်ခန်း

close

May 20, 2022

ထိုင်းနိုင်ငံဒေသအချို့တွင် ဘား၊ ကာရာအိုကေ၊ အနှိပ်ခန်းများ လွတ်လပ်စွာ ပြန်ဖွင့်ခွင့်ပြုမည်

ထိုင်းနိုင်ငံအတွင်း သတ်မှတ် ဇုန် ၃၁ ခုမှာ ဘားတွေ၊ ကာရာအိုကေဆိုင်တွေ၊ အနှိပ်ခန်းတွေ အပါအဝင် လူစုလူဝေးနဲ့ စီးပွားရေးလုပ်ငန်းတွေကို လာမယ့် ဇွန် ၁ ရက်ကစတင်ကာ လွတ်လပ်စွာ ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်ရေးစင်တာ (စီစီအက်စ်အေ)က ပြောပါတယ်။

ကိုဗစ်-၁၉ စောင့်ကြည့်ရေး အစိမ်းရောင်ဇုန်အဖြစ် ဒေသ ၁၄ ခုရှိလာမှာဖြစ်ပြီး ခရီးသွားလုပ်ငန်းအကြို အပြာရောင်ဇုန်ကတော့ ၁၂ ခုကနေ ၁၇ ခုထိ တိုးလာမယ်လို့ စီစီအက်စ်အေရဲ့ ပြောရေးဆိုခွင့်ရသူ ဒေါက်တာထဝီဆစ်လ်ပ်ဗီဆနူရိုထင် က ပြောပါတယ်။ ကိုဗစ်-၁၉ အနီးကပ်စောင့်ကြည့်ရေး အဝါရောင်ဇုန်အဖြစ်ဒေသ ၆၅ ခုကနေ ၄၆ ခုအထိ ကျဆင်းလာမယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ကိုဗစ်-၁၉ စောင့်ကြည့်ရေး အစိမ်းရောင်နဲ့ အပြာရောင်ဇုန်သတ်မှတ်ချက်အနေနဲ့ အားကစားနဲ့ စာသင်ခန်းတွေ အသုံးပြုမှုတွေ၊ လူစုလူဝေးထိန်းချုပ်ကန့်သတ်ချက်တွေ ရှိတော့မှာ မဟုတ်ဘဲ အဝါရောင်အဆင့်သတ်မှတ်ချက်မှာတော့ သတ်မှတ်လူဦးရေ ၁၀၀ ထိသာ စုဝေးနိုင်မှာ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေမှာတော့ ရောဂါထိန်းချုပ်ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းတွေ ထားရှိမှာ ဖြစ်ကာ မိုးလုံလေလုံအားကစားရုံတွေလို နေရာတွေမှာလည်း ၇၅ ရာခိုင်နှုန်း ထိုင်ခုံနေရာတွေကို ကန့်သတ်ကြည့်ရှုခွင့်ပြုမှာဖြစ်ကာ အမိုးဖွင့်လေဟာပြင် အားကစားရုံတွေဆိုရင်တော့ ထိုင်ခုံတွေ အားလုံးကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ရုံလို ပြဇာတ်ရုံလိုနေရာတွေကိုတော့ ဇုန်တွေအားလုံးမှာ ပုံမှန်အတိုင်း လည်ပတ်နိုင်မယ်လို့ ဆိုပါတယ်။

အစိမ်းရောင်ဇုန် ၁၄ ခုထဲမှာတော့ ချိုင်နတ်၊ ထရတ်၊ နခွန်ဖနွန်၊ နန်၊ ဘူရီယမ်၊ ဖီချစ်၊ အန်ထောင်း၊ မဟာဆာရာခမ်၊ ရာဆိုသွန်၊ လမ်းဖန်း၊ ဆူရတ်ဌာနီ၊ ဆူရင်၊ ဉထုံဌာနီနဲ့ အမ်နတ်ချာရိုဝမ်စတဲ့ ဒေသတွေ ပါဝင်နေပြီး အပြာရောင်ဇုန် ၁၇ ခုထဲမှာတော့ ကရာဘိ၊ ဘန်ကောက်၊ ကန်ကျနပူရီ၊ ချန်သပူရီ၊ ချွန်းပူရီ၊ ချင်းရိုင်း၊ ချင်းမိုင်၊ နခွန်ရက်ချာဆီမာ၊ နွန်ထဘူရီ၊ နရာသီဝပ်၊ ပထုံဌာနီ၊ ပရာချွတ်ခီရိခန်၊ ဖန်င၊ ဖက်ချဘူရီ၊ ဖူးခက်၊ ရာယောင်းနဲ့ ဆောင်ခလာစတဲ့ ဒေသတွေ ပါ ဝင်နေတာ ဖြစ်ပါတယ်။

ဒေါက်တာ ထဝီဆစ်လ်ပ်က အပြာရောင်နဲ့ အစိမ်းရောင်ဇုန်ထဲမှာ မှတ်ပုံတင်ထားတဲ့ အရက်ဘားတွေ၊ ကာရာအိုကေဆိုင်တွေနဲ့ အနှိပ်ခန်းတွေအနေနဲ့ သက်ဆိုင်ရာ ဒေသတွင်း ရောဂါကူးစက်ရောဂါဆိုင်ရာ ကော်မတီဆီက ခွင့်ပြုချက်ရပြီးတာနဲ့ ဖွင့်လှစ်နိုင်မှာဖြစ်ပြီး အရက်သေစာသောက်စားရောင်းချမှုကိုတော့ ည ၁၂ နာရီထိသာ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

သောက်သုံးသူတွေအနေနဲ့ အချင်းချင်း ခွက်ချင်း လဲလှယ်သောက်သုံးတာတွေ အပါအဝင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ထိန်းချုပ်ရေးစည်းကမ်းချက်တွေကို လိုက်နာရမယ်လို့ ဆိုပါတယ်။

“အနှိပ်ခန်းတွေမှာ လူတွေအချင်းချင်း ထိတွေ့နိုင်တယ်၊ နှာခေါင်းစည်း Mask တပ်ဆင်ထားကြရပါမယ်။ ရောဂါအခြေအနေ ထိန်းချုပ်မှု အလျှော့အတင်းလုပ်တဲ့အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆိုင်တွေကို ပိတ်နိုင်ပါတယ်။”

ဒါ့အပြင် ဝန်ဆောင်မှုပေးသူတွေ အပါအဝင် အဆိုတော်တွေ၊ ဂီတသမားတွေဟာလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်ရမယ့်အပြင် အပတ်စဉ် Antigen Test တွေနဲ့ စစ်ဆေးရမယ်လို့ ဆိုပါတယ်။

ဝန်ဆောင်မှု ဧရိယာထဲမှာ အသုံးပြုမယ့်သူတွေအနေနဲ့လည်း ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထား ပြသရမယ့်အပြင် ထိခိုက်လွယ်အုပ်စုတွေကိုလည်း အဆိုပါနေရာတွေကို ရှောင်ရှားဖို့ အကြံပြုထားကြောင်း ဒေါက်တာ ထဝီဆစ်လ်ပ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး နိုင်ငံတကာလေဆိပ်တွေမှာ Test & Go စနစ်ကိုလည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပါတယ်။

4 mins Ago

September 20, 2020

တပတ်အတွင်း ပြည့်တန်ဆာအိမ်၊ အနှိပ်ခန်းနှင့် KTV တို့က လူ ၃၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့

တိုင်းဒေသကြီး ၄ ခုမှာ တပတ်အတွင်း ပြည့်တန်ဆာအိမ်၊ တရားမဝင် အနှိပ်ခန်းနဲ့ KTV/ Bar/ တို့က လူ အယောက် ၃၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ရဲတပ်ဖွဲ့ စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်မှု ဖြစ်နိုင်ခြေအများဆုံး အခြေအနေရှိပြီး သတ်မှတ်စည်းကမ်းချက်များအား မလိုက်နာတာကြောင့် KTV/ Bar/တရားမဝင် အနှိပ်ခန်းဖွင့်လှစ်နေမှု၊ ညမထွက်ရအချိန်ကျော်လွန်သွားလာနေမှု၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာနေသူတွေကို အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ တပတ်အတွင်း စစ်ကိုင်းတိုင်း ပြည့်တန်ဆာအိမ်  ၂ အိမ်က ပိုင်ရှင်နဲ့ ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီး ၅ ဦး၊ တနင်္သာရီတိုင်းရှိ တရားမဝင်အနှိပ်ခန်း ၁ ခန်းက ဆိုင်ဝန်ထမ်းနဲ့ အနှိပ်သမ ၁၁ ဦး၊ ရန်ကုန်တိုင်းက တရားမဝင် KTV ဆိုင် ၁ ဆိုင်နဲ့ အနှိပ်ခန်း ၃ ခန်းတို့က ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း၊ ဧည့်သည်နဲ့ အကူသီဆိုသူ၊ အနှိပ်သမ ၇ ဦး၊ မန္တလေးတိုင်းက တရားမဝင်အနှိပ်ခန်း ၁ ခန်းနဲ့ ပြည့်တန်ဆာအိမ် ၁ အိမ်တို့က ဆိုင်ဝန်ထမ်း၊ အနှိပ်သမ၊ ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၃၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာမြို့နယ်တွေမှာ ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ညမထွက်ရအမိန့်ကျူးလွန်တဲ့ အမှုပေါင်း ၂၄၂ မှုနှင့်ကျူးလွန်သူ အမျိုးသား ၄၂၄ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း ၄၄၄ ဦးကို ရာဇသတ်ကြီးပုဒ်မ-၁၈၈ နဲ့ အရေးယူခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာတဲ့ အမှုပေါင်း ၂၀၄ မှုနဲ့ ကျူးလွန်သူ အမျိုးသား၁၅၄ ဦး၊ အမျိုးသမီး ၅၁ ဦး၊ စုစုပေါင်း ၂၀၅ ဦးကို ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ-၁၅ နဲ့ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ စိစစ်ချက်တွေအရ သတ်မှတ်စည်းကမ်းချက်တွေ မလိုက်နာဘဲ ညမထွက်ရ အချိန်ကျော်လွန်သွားလာမှု၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာမှုတွေ လျော့ကျသွားခြင်းမရှိတာကြောင့် ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ တိုက်တွန်းထားပါတယ်။
2 years Ago
Up