close

အပစ်ရပ်

close

November 28, 2022

ဂျပန်အထူးကိုယ်စားလှယ် ဆာဆာကာဝါ ကြားဝင်ညှိနှိုင်းမှုကြောင့် အပစ်ရပ်ခြင်းဖြစ်ဟု အေအေ ပြော

ရက္ခိုင်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲခဲ့ရတာဟာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့်ဖြစ်ပြီး သဘောတူချက်များစွာ ရရှိထားကြောင်း အေအေပြောခွင့်ရ ခိုင်သုခက​ နိုဝင်ဘာ ၂၈ ရက် မနက်က ကျင်းပတဲ့ ULA/AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“စစ်ကောင်စီနဲ့ လက်ရှိ အပစ်အခတ်ရပ်စဲလိုက်တာက ပြည်သူလူထုတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ရှေ့ရှုပြီး အပစ်အခတ်ရပ်လိုက်တာ ဖြစ်တယ်။ ရှင်းရှင်းပြောရရင် ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ဖြစ်တယ်။ သဘောတူညီချက်တွေက များစွာရရှိထားတယ်။ မကြာမီ ထုတ်ပြန်သွားဖို့ရှိပါတယ်။”

အေအေနဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာ ၂၆ ရက်က စတင်ပြီး နှစ်ဖက် အလွတ်သဘောတူညီခဲ့ကြကြောင်း နှစ်ဖက်စလုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက မီဒီယာတွေကို ဖြေကြားထားပါတယ်။

အပစ်အခတ် ရပ်စဲထားပေမဲ့လည်း ရက္ခိုင့်တပ်တော် (အေအေ) ဘက်က တပ်တွေဟာ လက်ရှိအနေအထားအတိုင်းသာ ရှိနေမှာဖြစ်ပြီး အပြောင်းအလဲမရှိဘူးလို့ ခိုင်သုခက ဆိုပါတယ်။

“အပစ်အခတ် ရပ်ထားတာပဲရှိတယ်။ တပ်တွေ နေရာချထားတာတွေက ဒီအတိုင်းရှိနေမှာပါ။ စစ်ကောင်စီနဲ့ ဘာတွေသဘောတူထားလဲဆိုတော့ လတ်တလောမှာ ပြောလို့မရပေမဲ့ နောက်ပိုင်းမှာ ထုတ်ပြန်သွားဖို့ ရှိပါတယ်။ အားလုံးသိကြရမှာပါ။”

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ ပထမအကြိမ် အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။

အဲဒီနောက် ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ စစ်ကောင်စီနဲ့ အေအေတို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး အခု ဒုတိယအကြိမ် မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ဒုတိယအကြိမ် နှစ်ဖက် အပစ်အခတ် ရပ်စဲထားကြတာလည်း ဖြစ်ပါတယ်။

4 days Ago

November 27, 2022

စစ်ကောင်စီနှင့်အေအေ အပစ်ရပ်ပြီးနောက် ရခိုင်ပြည်နယ်က ရေလမ်းကြောင်း အချို့ ပြန်ဖွင့်မည်

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့အကြား ယာယီအပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ် မြောက်ပိုင်းက သွားလာခွင့် ပိတ်ပင်ထားတဲ့ ရေလမ်းကြောင်း တချို့ကို ပြန်လည် ဖွင့်ပေးလိုက်တယ်လို့ ရွှေပြည်တန်အမြန်ရေယာဉ် တာဝန်ရှိသူ တဦးက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်ကတည်းက ရေကြောင်းသွားလာခွင့် ပိတ်ပင်ထားတဲ့ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်ရေလမ်းကြောင်းကို နိုဝင်ဘာ ၂၈ ရက်မှာ ပြန်လည် သွားလာခွင့် ပြုလိုက်တာလို့ သိရပါတယ်။

ရွှေပြည်တန်အမြန်ရေယာဉ် တာဝန်ရှိသူက "ပိတ်ထားတဲ့ ရေကြောင်းလမ်း ၃ ခုထဲက စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေလမ်းကြောင်းကို မနက်ဖြန်ကစပြီး ပြေးဆွဲခွင့် ပြုလိုက် တယ်။ တခြား ပိတ်ထားတဲ့ စစ်တွေ-ပေါက်တော မင်းပြား-လမ်းကြောင်းနဲ့ စစ်တွေ- မြောက်ဦး လမ်းကြောင်းတော့ မပါသေးဘူး။ အခုခွင့်ပြုတဲ့ ရေလမ်းကြောင်းထဲမှာလည်း တင်ဆောင်ခွင့်တွေ ကန့်သတ်ပြောဆိုထားတော့ မရှိဘူး" လို့ ပြောပါတယ်။

စစ်တွေ-ဘူးသီးတောင်-ရသေ့တောင် ရေလမ်းကြောင်းနဲ့ စစ်တွေ-မြောက်ဦး ရေကြောင်း လမ်းကို စက်တင်ဘာလကတည်းက စစ်ကောင်စီက ပိတ်ခဲ့ပြီး စစ်တွေ-ပေါက်တော-မင်းပြား ရေလမ်းကြောင်းကိုလည်း အောက်တိုဘာ ၁၉ ရက်မှာ ပိတ်ခဲ့တာပါ။

အခုလို ရေလမ်းကြောင်းဖွင့်ပေးလိုက်တာက ပြည်သူတွေရဲ့ ခရီးသွားလာခွင့် ကျန်းမားရေး စီးပွားရေးကအစ ကောင်းကျိုးဆောင်သွားတယ်လို့ ဘူးသီးတောင်မြို့ခံ တဦးက ပြောပါတယ်။

"ရေကြောင်းလမ်း ပြန်ဖွင့်ပေးလိုက်တယ်ဆိုတော့ ကောင်းတာပေါ့။ ကျနော်တို့မြို့က အဓိက ရေကြောင်းလမ်းကိုပဲ အားပြုနေရတာ။ ရေလမ်းပိတ်ထားတော့  ကျန်းမားရေး၊ စီးပွားရေး ကုန်စည်စီးဆင်းမှုကအစ တော်တော့ကို အခက်အခဲတွေ ဖြစ်ခဲ့ကြတာ။ အခု ပြန်ဖွင့်ပေးလိုက် တယ်ဆိုတော့ စီးပွားရေး၊ ကျန်းမာရေးနဲ့ ကုန်သွယ်ရေးကအစ တော်တော့ကို အဆင်ပြေ သွားမယ်"လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့ကြား တကျော့ပြန် ၄ လကျော်ကြာ တိုက်ပွဲ ပြင်းထန်လာပြီး နိုဝင်ဘာ ၂၇ ရက်က နှစ်ဖက်စလုံးက အပစ်ရပ်စဲလိုက်ကြတယ်လို့ ထုတ်ဖော် ပြောလာကြပါတယ်။

ရက္ခိတလမ်းစဉ်ကို အကောင်အထည် ဖော်ဆောင်ဖို့ လက်ရှိ တကျော့ပြန် ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေဟာ  “အဆုံးအဖြတ်နဲ့ အဆုံးသတ်တိုက်ပွဲ” ဖြစ်သွားမယ်လို့ အေအေဒုစစ်ဦးချုပ်က စက်တင်ဘာ ၁၆ ရက် ပြောဆိုအပြီး  အေအေက တိုက်ပွဲတွေ ဖော်ဆောင်လာတာဖြစ်ပါတယ်။

စစ်ကောင်စီက တိုက်ပွဲပြင်းထန်စဉ်က ပိတ်ပင်ထားတဲ့ ရေလမ်းကြောင်း နှစ်ခုနဲ့ စစ်တွေ-ရန်ကုန် ကားလမ်းမကြီးအပါဝင် မောင်တော-အငူမော်ကားလမ်း၊ ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်း တွေကို ပြန်ဖွင့်ပေးဖို့ ရှိ၊ မရှိ မေးမြန်းဖို့ ရခိုင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

တခြားပိတ်ပင်ထားတဲ့ ရေလမ်းကြောင်း နှစ်ခုနဲ့ ကုန်းလမ်းကြောင်း ၃ ခုကိုလည်း အမြန်ဆုံး ပြန်လည်ဖွင့်ပေးဖို့ ပြည်သူတွေကြား ပြောဆိုမှုတွေ ရှိနေကြပါတယ်။

5 days Ago
Up