သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်မှာ ဇွန် ၁၈ ရက်က ဆန္ဒပြသူ ၁၀၀ ကျော်ဟာ စုဝေးချီတက်ခဲ့ပြီး နိုင်ငံရဲ့ဌာနေဒေသအစွန်အဖျားရှိ လူ့အဖွဲ့အစည်းက ရဲတွေဆီမှာ သေနတ်တွေ ကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို မြောက်ပိုင်းနယ်မြေရှိ ယွန်ဒုမု အသိုင်းအဝိုင်းနဲ့ တစည်းတလုံးတည်း ကျင်းပခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အာဏာစွက်ဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့တာပါ။
ယွန်ဒုမု အသိုင်းအဝိုင်းဟာ ဇွန် ၁၈ ရက်ကိုလည်း အမျိုးသားလှုပ်ရှားမှုနေ့ သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
သြစတြေးလျအစိုးရရဲ့ နယ်စွန်နယ်ဖျားဒေသ ဌာနေရပ်ရွာ အသိုင်းအဝိုင်းတွေမှာ ၀င်ရောက်စွက်ဖက်မှုက ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဂျွန်ဟောင်းဝပ်ဒ် အစိုးရလက်ထက်က မြောက်ပိုင်းနယ်မြေကို ရဲနဲ့ တပ်ဖွဲ့တွေကို စေလွှတ်ပြီး အရက်သေစာနဲ့ ညစ်ညမ်း ရုပ်ပုံစာပေတွေကို အထူးတားမြစ်ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တာပါ။
နောက်တက်လာတဲ့ အစိုးရတွေကလည်း အစဦးပိုင်း မူဝါဒရဲ့ ဆောင်ရွက်မှုတွေကို ဆက်လက်ထိန်းသိမ်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။
မတ်လတုန်းက အသက် ၁၉ နှစ်အရွယ် ယွန်ဒုမု အမျိုးသားတဦးကို ပစ်ခတ်မှုကြောင့် လူသတ်မှုနဲ့ စွဲချက်တင်ထားတဲ့ မြောက်ပိုင်းနယ်မြေ ရဲအရာရှိတဦးကို စွဲချက်ကနေ တရားသေ လွှတ်ပေးလိုက်ပြီးနောက်မှာ အခုဆန္ဒပြမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။